မောင်တောခရိုင်တွင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များကို ထုတ်ပေးခဲ့သည့် ထောက်ပံ့ကြေးများ ပြန်လည်သိမ်းယူနေ
ကျော်စိုး Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တဆင့် ထောက်ပံ့ပေးခဲ့သည့် ထောက်ပံ့ကြေးများကို ကျေးရွာအုပ်ချုပ်ရေးမှူးများက ပြန်လည်သိမ်းယူလျက်ရှိသည်။ 

၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များရှိ ကျေးရွာအုပ်စုများတွင် ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များကို နိုင်ငံတော်အစိုးရက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တဆင့် ငွေကြေးများ ထောက်ပံ့ခဲ့သည်။ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ (မြို့နယ်အုပ်ချုပ်ရေးမှူးက ခန့်အပ်ပေးထားသည့် စာရေး) တို့မှတဆင့် ထောက်ပံ့ကြေးများကို ခွဲဝေပေးခဲ့သည်။ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၏ ကာကွယ်ဆေး မှတ်တမ်းများကို စိစစ်ပြီးနောက် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ထောက်ပံ့ကြေးများ ထုတ်ပေးခဲ့သည်။ 

ကိုယ်ဝန်ဆောင် (သို့မဟုတ်) နို့တိုက်မိခင်တစ်ဦးကို တစ်လလျှင် ငွေကျပ် ၄၅၀၀၀/- (လေးသောင်းငါးထောင်) စီ အစိုးရက ထောက်ပံ့ခဲ့သော်လည်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ငွေကျပ် နှစ်သောင်း၊ သုံးသောင်း၊ လေးသောင်း စသည်ဖြင့် ထုတ်ပေးပြီး ကျန်သည့်ငွေများကို ဖြတ်စားခဲ့ကြသည်။ မှတ်တမ်းတွင် ငွေကျပ် ၄၅၀၀၀/- ရေးသွင်း မှတ်တမ်းတင်ပြီး ငွေလက်ခံသူများကို လက်မှတ်ထိုးခိုင်းခဲ့သည်။ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ အများစုက နှစ်လပေါင်း၍ တစ်ကြိမ်ကျစီ ထောက်ပံ့ကြေးများ ထုတ်ပေးခဲ့သည်။ နှစ်လတစ်ကြိမ် ထုတ်ပေးသည့်အခါ ငွေကျပ် ကိုးသောင်း ပေးရမည် ဖြစ်သော်လည်း ငါးသောင်း၊ ခြောက်သောင်း၊ ခုနှစ်သောင်း၊ ရှစ်သောင်း စသည်ဖြင့်သာ ထုတ်ပေးခဲ့ပြီး ကျန်ငွေများကို ဖြတ်စားခဲ့သည်။ 

ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက နှစ်လလျှင် တစ်ကြိမ် ငွေကျပ် လေးသောင်းမှ ခြောက်သောင်း အထိသာ ထုတ်ပေးခဲ့သည်။ ထိုကဲ့သို့ သုံးကြိမ် ထုတ်ပေးခဲ့သည်။ ထောက်ပံ့ကြေးများ ထုတ်ပေးခဲ့စဉ်က လူမျိုးမရွေး ဘာသာမရွေး ထောက်ပံ့ပေးခဲ့သည်။ နောက်ဆုံးအကြိမ် ထုတ်ပေးပြီး ၆ လကျော်ကြာပြီးမှ ထိုထောက်ပံ့ကြေးများမှာ တိုင်းရင်းသားများအတွက်သာ ဖြစ်ပြီး ရိုဟင်ဂျာများကို မှားယွင်းစွာ ထုတ်ပေးခဲ့သည်ဟုဆိုကာ ပြန်ပေးရန် တောင်းခံနေသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ဘူးသီးတောင်မြို့နယ်ရှိ ဦးလှဖေကျေးရွာ၊ အတွင်းငှက်သေကျေးရွာ၊ ခွန်တိုင်ကျေးရွာ၊ သိမ်တော်ပြင်ကျေးရွာတို့တွင် ပြန်လည်တောင်းခံနေခြင်း ဖြစ်သည်။ ဦးလှဖေကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအာစ်မော်တူလ္လာ၊ အတွင်းငှက်သေကျေးရွာ အုပ်ချုပ်ရေးမှူး၊ ခွန်တိုင် ကျေးရွာအုပ်ချုပ်ရေးမှူး တို့က နှစ်လအတွက် ငွေကျပ် ခြောက်သောင်းစီသာ ထုတ်ပေးခဲ့ပြီး၊ သိမ်တော်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်စိန်ဝင်းက နှစ်လအတွက် ငွေကျပ် လေးသောင်းသာ ထုတ်ပေးခဲ့သည်။ မှတ်တမ်းများတွင် ငွေကျပ် ကိုးသောင်းစီ ထုတ်ပေးခဲ့သည်ဟု မှတ်တမ်းတင်၍ လက်မှတ်များ ရယူခဲ့သည်။ ယခု ထောက်ပံ့ကြေးများ ပြန်လည် တောင်းခံရာတွင် မှတ်တမ်းပါအတိုင်း တစ်လလျှင် ၄၅၀၀၀/- နှုန်းဖြင့် ပြန်လည် ပေးသွင်းရန် တောင်းခံနေသည်။ ဦးလှဖေကျေးရွာတွင် ထောက်ပံ့ကြေး ရရှိခဲ့သူ ၁၀၇ ဦးရှိပြီး၊ သိမ်တော်ပြင်ကျေးရွာတွင် ၁၂ ဦးရှိသည်ဟု သိရှိရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ