စစ်တွေ တပ်ရင်း (၅၅) လက်အောက်ခံ ကင်းစခန်း ဗိုလ်ကြီး ၏ လူမဆန်စွာရိုက်နက်မှုကြောင့် သေလုမြောပါးဖြစ်သည့် ရိုဟင်ဂျာ တစ်ဦး ဆေးရုံတွင် ၃-ရက်တိတိ နေပြီး ဆေးကုသမှု မရရှိဘဲ ပြန်ဆင်းလာရ
အောင်ဇံဝေ Rohingya Today

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စစ်လုံခြုံရေးတပ်ရင်း (၅၅) လက်အောက်ခံ ကင်းစခန်း တာဝန်ခံ ဗိုလ်ကြီးက အနောက်စံပြ ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည်တစ်ဦးထံမှ ငွေညှစ်ယူနိုင်ရန် ပြင်းထန်စွာ ရိုက်နှက်ခဲ့သောကြောင့် သေလုမြောပါး ဖြစ်သွားခဲ့ရာ ဆေးရုံတွင် သုံးရက်တိတိ နေပြီး ရဲစခန်းမှ ညွှန်ကြားချက် မရရှိသောကြောင့် ဆေးကုသမှု မပေးဘဲ ပြန်ဆင်းလာခဲ့ရသည်။

စစ်တွေမြို့ အနောက်စံပြကျေးရွာအုပ်စုရှိ ဒုက္ခသည်စခန်းတွင် နေထိုင်သည့် နဇီရ်အဟ်မဒ် (ဘ) ဦးဆုလ်တာန်အဟ်မဒ် (အသက် ၂၇ နှစ်) ကို အောက်တိုဘာလ (၂၇) ရက်နေ့ ည ၈ နာရီခန့် အချိန်တွင် စစ်သားအချို့က ၎င်းတို့နှင့် ရင်းနှီးသည့် လက်ကိုင်တုတ် ၆ ဦးနှင့် ပူးပေါင်း၍ ဖမ်းဆီးရိုက်နှက်ကာ အနောက်စံပြကျေးရွာအုပ်စုရှိ လုံခြုံရေးတပ်ရင်း (၅၅) လက်အောက်ခံ ကင်းစခန်း တာဝန်ခံ ဗိုလ်ကြီးကိုကိုလေး ထံ ခေါ်ဆောင်သွားခဲ့သည်။ ဗိုလ်ကြီးကိုကိုလေးက “မင်းက ဒုက္ခသည်စခန်းမှာ ငွေအများကြီး ရှိတဲ့လူဆိုတာ ငါသိတယ်၊ ငါ့ကို ငွေ ၅၀၀၀၀၀ (ငါးသိန်း) ပေး၊ မပေးရင် ငါမင်းကို သေတဲ့အထိ ရိုက်မယ်” ဟု ပြောဆိုပြီး လူမဆန်စွာ ရိုက်နှက်နေသည်ကို နဇီရ်အဟ်မဒ်၏ ဇနီးဖြစ်သူ မဟဆီနာက မကြည့်နိုင်တော့၍ ရွာသားများထံ သွားရောက်၍ အလှူခံခဲ့သည်။ အလှူခံ၍ ရခဲ့သည့် ငွေကျပ် တစ်သိန်းကို ဗိုလ်ကြီးကိုကိုလေး ကို ပေးပြီးနောက် အောက်တိုဘာလ (၂၈) ရက်နေ့ နံနက် ၁၀ နာရီခန့် အချိန်တွင် နဇီရ်အဟ်မဒ် ကို ပြန်လည် လွှတ်ပေးခဲ့သည်။

လူမဆန်စွာ ရိုက်နှက်ခံရပြီး ဒဏ်ရာများစွာရရှိထားသည့် နဇီရ်အဟ်မဒ် ကို မိသားစုဝင်များက ဆေးကုရန်အတွက် ဆေးခန်းသို့ပြရန် သွားနေစဉ် အဆိုပါ ဗိုလ်ကြီးကိုကိုလေးက အပြင်ဆေးခန်းတွင် ဆေးမကုရန် ဟန့်တားပြီး ဘုမေ ကြားလမ်းရှိ ဆေးခန်းသို့ ခေါ်ဆောင်သွားကာ ဆေးကုခွင့် အနည်းငယ်ပေးပြီး အိမ်သို့ ပြန်ပို့ပေးခဲ့သည်။ ဒဏ်ရာပြင်းထန်မှုကြောင့် မသက်သာသေးသည့် နဇီရ်အဟ်မဒ် ကို ဗိုလ်ကြီးကိုကိုလေးက “အရိုးဆရာဝန် ဒါမှမဟုတ် သမားတော်ကို ငါကိုယ်တိုင် ခေါ်လာပြီး ကုပေးမယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ မပြောနဲ့” ဟု မှာကြားခဲ့သည်။

အောက်တိုဘာလ (၂၉) ရက်နေ့ နံနက်ပိုင်းတွင် နဇီရ်အဟ်မဒ် သည် စကားမပြောနိုင်လောက်အောင် အထိ အသည်းအသန် ဖြစ်နေသောကြောင့် ဆေးခန်းပြရန် သွားနေစဉ် ဒုက္ခသည်စခန်းရှိ IRC အဖွဲ့မှ ဆေးဝန်ထမ်းများက မြင်တွေ့ပြီး မေးမြန်းရာ အကြောင်းစုံ ရှင်းပြသောကြောင့် IRC ဝန်ထမ်းများက သက္ကေပြင်ကျေးရွာရှိ မလေးရှားနိုင်ငံမှ လှူဒါန်းထားသည့် Mercy Malaysia ကျန်းမာရေးဌာနခွဲသို့ စေလွှတ်ခဲ့ပြီး ထိုမှတဆင့် စစ်တွေမြို့ ပြည်သူ့ဆေးရုံသို့ နေ့လည် ၁၂ နာရီခန့် အချိန်တွင် စေလွှတ်ခဲ့ကြောင်း သက္ကေပြင်ရွာသားတစ်ဦးက ပြောပါသည်။ 

ဆေးရုံတွင် ရဲစခန်းမှ ညွန်ကြားချက်မရှိ၍ ဆေးကုသပေးခြင်း မရှိသောကြောင့် အခြေအနေ ပိုမိုဆိုးရွားလာသည်ကို ဇနီးသည်က မြင်တွေ့၍ ဆွေမျိုးတစ်ဦးနှင့်အတူ အောက်တိုဘာလ (၃၀) ရက်နေ့ နေ့လည် ၁၂ နာရီခန့် အချိန်တွင် အမှတ် (၁) ရဲစခန်းသို့ သွားရောက်၍ စခန်းမှူးကို အကျိုးအကြောင်း ပြောပြခဲ့သည်။ စခန်းမှူးက ပြဿနာဖြစ်ဖြစ်ချင်း လာရောက်၍ အကြောင်းမကြားရခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ မဟာဆီနာက “ကျမတို့က မြို့ပေါ်ကို လာလို့မရဘူး၊ ဗိုလ်ကြီးက အပြင်ဆေးခန်းမှ ဆေးမကုဖို့ တားထားတယ်၊ အခု ကျမယောကျ်ားကို ဆေးရုံပို့တာတောင် IRC အဖွဲ့နဲ့ Mercy Malaysia ဆေးခန်းတွေက အဆင့်အဆင့် လွှဲပြောင်းပေးလို့ တက်ခွင့်ရတာပါ” ဟု ရှင်းပြခဲ့သည်။ 

ထို့နောက်စခန်းမှူးက ဗိုလ်ကြီး ကိုကိုလေးကို ခေါ်၍ ၎င်းတို့ နှစ်ဦးကြား အချင်းချင်းဆွေးနွေးကာ ဗိုလ်ကြီးက မဟဆီနာနှင့် အတူ ဆေးရုံသို့ လိုက်သွား၍ ဆရာဝန်များကို အကျိုးအကြောင်းရှင်းပြခဲ့သည်။ 

ရိုက်နှက်ခံရသူ နဇီရ်အဟ်မဒ် ကို ဓါတ်မှန် ၄ ကြိမ်ရိုက်ပြီး ဓါတ်မှန် ရလာဒ် ထွက်လာမှ ဆေးကု၍ ရနိုင်မည်ဟု ဆေးရုံမှ ဆရာဝန်များက ပြောခဲ့သော်လည်း ရဲစခန်းမှ ညွန်ကြားချက်မရသဖြင့် ဆေးကုသမှုမရသောကြောင့် ၃ ရက်တိတိနေပြီး ဆေးရုံမှ ဆင်းခဲ့ရသည်ဟု ဒေသခံများက Rohingya Today သို့ပြောပါသည်။

“ဒီကိစ္စက ရဲမှုခင်းဖြစ်နေတော့ သူတို့ဘက်က ညွန်ကြားချက်မပေးမချင်း ကျနော်တို့ ဘယ်လိုမှ ကုသမှု မပေးနိုင်ဘူး၊ အခု ဓါတ်မှန်တွေ ဘာတွေ လုပ်ပေးတာတောင် စည်းကမ်းကို ကျော်လွန်ပြီး လုပ်ပေးတာပါဟု ဆေးရုံမှ သမားတော်က ပြောပြီး ဆေးရုံက ဆင်းဖို့ပြောလိုက်လို့ မသက်သာသေးပေမယ့်လည်း အိမ်ပြန်လာရတယ်” ဟု နဇီရ်အဟ်မဒ်၏ ဆွေမျိုးတစ်ဦးက ပြောသည်။

ရဲစခန်းသို့ နဇီရ်အဟ်မဒ်၏ ဇနီးကိုယ်တိုင် သွားရောက်၍ အကျိုးအကြောင်းပြော တောင်းဆိုခဲ့သော်လည်း ရဲများ၏ ပျက်ကွက်မှုကြောင့် ဆေးကုသမှု မရခြင်းနှင့် ပတ်သက်၍ ဒေသခံများ အလွန်စိတ်ပျက်နေကြသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ