ကုရ်ဘာနီလုပ်ခဲ့သူများထံမှ မြို့နယ်အုပ်ချုပ်ရေးမှူးများက ငွေကောက်ခံပြီး၊ နယ်မြေမှူးက အသားကောက်ခံ
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးများက ကုရ်ဘာနီလုပ်သူများထံမှ ငွေကောက်ခံပြီး ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ညောင်ချောင်း နယ်မြေမှူးက အသားများ ကောက်ခံခဲ့သည်။ 

သြဂုတ်လ (၁၂) ရက်နေ့တွင် ကျရောက်ခဲ့သည့် အစ္စလာမ် ဘာသာဝင်များ၏ ကုရ်ဘာနီအီးဒ်ပွဲတော်တွင် ကုရ်ဘာနီလုပ်မည့်သူများထံမှ ကျွဲ၊ နွားတစ်ကောင်လျှင် ငွေကျပ် ၄၀၀၀/- စီ ကောက်ခံပေးရန် မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများကို အမိန့်ပေးခဲ့သည်။ သို့ဖြစ်၍ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ၎င်းတို့အတွက်ပါ တစ်ထောင်စီပေါင်း၍ ၅၀၀၀/- ကျပ်စီ ကောက်ခံခဲ့သည်။ ထိုအထဲတွင် အခြားသော အုပ်ချုပ်ရေးမှူးများကဲ့သို့ ငွေတစ်ထောင်ဖြင့် ဝမ်းမဝသည့် မြို့မတောင်ရပ်ကွက် (အမှတ် ၂ ရပ်ကွက်) အုပ်ချုပ်ရေးမှူး ဦးလှသိန်း (ခ) မော်ဂျီအုလ္လာ သည် ၎င်းအတွက် ၆၀၀၀/- ပေါင်းထည့်၍ ငွေကျပ် တစ်သောင်းစီ ကောက်ခံခဲ့သည်။ ကုရ်ဘာနီလုပ်သူများက ၎င်းအား ငွေကျပ် တစ်သောင်းစီ မပေးချင်သော်လည်း ငွေမပေးလျှင် “ကုရ်ဘာနီလုပ်ခွင့်မပေးဘူး၊ အရေးယူခံရမယ်” ဟု ခြိမ်းခြောက်သောကြောင့် ၎င်းတောင်းသည့် ငွေပမာဏ အတိုင်းပေးခဲ့ရသည်။ 

အလားတူ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား ကုရ်ဘာနီလုပ်မည့်သူများထံမှ ကျွဲ၊ နွားတစ်ကောင်လျှင် ငွေကျပ် ၃၀၀၀/- စီ ကောက်ခံခိုင်းခဲ့သည်။ အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး တစ်ဦးတည်းသာ အပိုငွေ မကောက်ခံဘဲ မြို့နယ်အုပ်ချုပ်ရေးမှူး မှာကြားသည့်အတိုင်း ငွေကျပ် ၃၀၀၀/- စီ ကောက်ခံခဲ့သည်။ ကျန်သည့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများက ၎င်းတို့အတွက် ငွေကျပ် ၂၀၀၀/- စီ ပေါင်းထည့်ပြီး ငွေကျပ် ၅၀၀၀/- စီ ကောက်ခံခဲ့သည်။ ဦးလှဖေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအာစ်မော်တူလ္လာက ကျွဲ၊ နွားတစ်ကောင်လျှင် ငွေကျပ် ၁၅၀၀၀/- နှုန်းဖြင့် ဓါးပြတိုက်သကဲ့သို့ ကောက်ခံခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်း နယ်မြေ နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေမှူး က ညောင်ချောင်း အပိုင်ကျေးရွာအုပ်စုများတွင် ကုရ်ဘာနီလုပ်သူများထံမှ ကျွဲ၊ နွားတစ်ကောင်လျှင် အသား တစ်ကီလိုစီ မပေးမနေရ စနစ်ဖြင့် ကောက်ခံခဲ့သည်။ အသားများကို တပ်ဖွဲ့ဝင်များ စေလွှတ်၍ ကောက်ခံခြင်းမျိုး မပြုလုပ်ဘဲ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များမှတဆင့် ကောက်ခံခဲ့ပြီး၊ နယ်မြေစခန်းသို့ ပို့ခိုင်းခဲ့သည်။ 

အသားကောက်ခံရာတွင် တိတိကျကျရရှိရန်အတွက် ရွာများတွင် ကျွဲ၊ နွား ကုရ်ဘာနီလုပ်မည့်စာရင်းကို ကြိုတင်ရယူထားခဲ့သည်။ ညောင်ချောင်းနယ်မြေတွင် ကျေးရွာအုပ်စု ၂၅ စုကျော်ပါဝင်သည်။ ရသေ့တောင်မြို့နယ် မြောက်ပိုင်းရှိ ကျေးရွာအုပ်စုများလည်း ညောင်ချောင်း နယ်မြေအပိုင်တွင် ပါဝင်သည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်းရှိ ကျေးရွာအုပ်စု ၁၅ စုမှ အသားများကောက်ခံခဲ့သည်။ ယင်းကျေးရွာအုပ်စုများထဲတွင် အချို့ကျေးရွာအုပ်စုများ၌ အိမ်ထောင်စု ၅၀၀ မှ ၁၀၀၀ ထိရှိသည့် ကျေးရွာအုပ်စုများလည်း ပါဝင်သည်။ ထိုကဲ့သို့ ကျေးရွာအုပ်စုများတွင် ကုရ်ဘာနီလုပ်သူ ၁၀၀ မှ ၂၀၀ အထိရှိသည်။ ကျေးရွာအုပ်စု ၁၅ စုတွင် ကုရ်ဘာနီလုပ်သူ ၁၅၀၀ ကျော်ရှိနိုင်ပြီး နယ်မြေမှူးက အသားကောက်ခံရာတွင် ၁၅၀၀ ကီလိုကျော်ရရှိမည် ဖြစ်သည်။ 

ကုရ်ဘာနီအီးဒ်ပွဲတော်ကို ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်စလင်များသာ ကျင်းပခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံ အဝှမ်းရှိ မွတ်စလင်များအပြင် တစ်ကမ္ဘာလုံးရှိ မွတ်စလင်များလည်း တစ်ပြိုင်တည်း တစ်ရက်တည်း ကျင်းပခြင်း ဖြစ်သည်။ နိုင်ငံတော်အစိုးရက မြန်မာနိုင်ငံတွင် ဘာသာရေး လွတ်လပ်ခွင့်ရှိသည်ဟု ပြောဆိုနေသော်လည်း ဘာသာရေးပွဲတော် ကျင်းပသူများထံမှ ငွေကောက်ခံခြင်း၊ အသားများ ကောက်ခံခြင်းများ ပြုလုပ်လျက်ရှိသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ