စစ်တွေ သဲချောင်းမှ တစ်ပတ်အတွင်း ရိုဟင်ဂျာများ တင်ဆောင်ထားသည့် စက်လှေသုံးစီး မလေးရှားသို့ ထွက်ခွာ
အောင်ဇံဝေ Rohingya Today
၂၀၁၈ ခုနှစ် ဧပြီလ (၃) ရက်နေ့က မလေးရှားနိုင်ငံသို့ ရောက်ရှိသွားသည့် စက်လှေတစ်စီး (ဓါတ်ပုံ - EPA-EFE)

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ သဲချောင်းကမ်းခြေမှ တစ်ပတ်အတွင်း ရိုဟင်ဂျာများ တင်ဆောင်ထားသော စက်လှေ ၃-စီး မလေးရှားနိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။

စစ်တွေမြို့ ဒုက္ခသည်စခန်းများရှိ အမျိုးသမီးများနှင့် ကလေးများအပါအဝင် များစွာသော ရိုဟင်ဂျာများသည် ပိတ်လှောင်ခံထားရသည့် ဘဝမှ လွတ်မြောက်ရေးအတွက် ကြုံတွေ့ရမည့် အန္တရာယ်အမျိုးမျိုးကို ဂရုမစိုက်တော့ဘဲ မလေးရှားနိုင်ငံနှင့် ရန်ကုန်မြို့များသို့ နည်းအမျိုးမျိုးဖြင့် ထွက်ခွာလျက်ရှိရာ နိုဝင်ဘာလ ပထမပတ် အတွင်း လူ ၂၂၀ ဦးခန့် တင်ဆောင်ထားသည့် စက်လှေ ၃ စီးသည် စစ်တွေမြို့ သဲချောင်းကမ်းခြေမှ မလေးရှားနိုင်ငံသို့ ထွက်ခွာသွားကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။

နိုဝင်ဘာလ (၂) ရက်နေ့တွင် ရိုဟင်ဂျာ ၅၀-ဦး တင်ဆောင်ထားသည့် စက်လှေတစ်စီးနှင့် ရိုဟင်ဂျာ ၇၀-ဦး တင်ဆောင်ထားသည် စက်လှေတစ်စီး နိုဝင်ဘာလ (၄) ရက်နေ့တွင် ရိုဟင်ဂျာ ၁၀၀-ဦး တင်ဆောင်ထားသည့် စက်လှေတစ်စီး ထွက်ခွာသွားခဲ့သည်။

မလေးရှားသို့ စက်လှေများ ထွက်ခွာနေသည်ကို အာဏာပိုင်များက သိရှိသော်လည်း ဟန့်တားအရေးယူရမည့် အစား ပွဲစားများထံမှ လာဘ်ငွေရယူ၍ လွှတ်ပေးထားသဖြင့် ပွဲစားများက လူတစ်ဦးလျှင် ငွေကျပ် ၅ သိန်းနှုန်းဖြင့် ပေါ်ပေါ်တင်တင် စုဆောင်းလျက်ရှိသည်ဟု သဲချောင်းရွာသားတစ်ဦးက ပြောသည်။

“အာဏာပိုင်တွေ ကိုယ်တိုင် ပါဝင်ပတ်သက်နေတော့ တားဖို့ ခက်တယ်၊ အာဏာပိုင်တွေက ရိုဟင်ဂျာတွေထွက်သွားလေ ပျော်လေပဲ။ အစိုးရရဲ့ ရိုဟင်ဂျာတွေကို အပြတ်ချေမှုန်းရေး အစီအစဉ်ကို တိုက်ရိုက် အားပေးနေတော့ အာဏာပိုင်တွေက လာဘ်စားပြီး အကုန်လုပ်ခွင့်ပေးတယ်။ အခုလို ပွဲစားတွေက ပေါ်ပေါ်တင်တင် လူတွေကို ဆက်ပြီး စုဆောင်းခွင့်ရနေမယ်ဆိုရင် ဒုက္ခတွင်းထဲနက်နေတဲ့ ရိုဟင်ဂျာတွေကလည်း ဒီလမ်းမှားကို ယုံမယ်ဆိုရင်တော့ စစ်တွေ၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စတဲ့မြို့တွေမှာ ရိုဟင်ဂျာတွေ ကျန်မှာ မဟုတ်တော့ဘူး” ဟု ၎င်းက ဆိုသည်။

မကြာသေးခင်က ထွက်ခွာသွားသည့် စက်လှေများသည် ယခုအချိန်ထိ မလေးရှားသို့ရောက်ရှိခြင်း မရှိသေးဘဲ လမ်းတွင်မြှပ်သွားသည်ဟု ကောလဟလများ ကြားနေရသော်လည်း လမ်းတွင်ရှိနေဦးမည်ဟု စစ်တွေမြို့မှ ရိုဟင်ဂျာများက ယုံကြည်နေကြသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ