ဘူးသီးတောင် ဖုရားပြင်အောင်ပ၌ ရွာသားအချင်းချင်း ရန်ဖြစ်သည်ကို အကြောင်းပြု၍ ကျေးရွာအုပ်ချုပ်ရေးမှူးက နှစ်ဖက်စလုံးမှ ငွေညှစ်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ဖုရားပြင်အောင်ပကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးက ရွာသားအချင်းချင်း ရန်ဖြစ်သည်ကို အကြောင်းပြု၍ နှစ်ဖက်စလုံးမှ ငွေညှစ်ခဲ့သည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ဖုရားပြင်အောင်ပကျေးရွာအုပ်စု အကွက် (၁၀) မှ ဦးအဗ်ဒူလ္လာနှင့် ရာအိမ်မှူး ဦးတာဟဲရ် တို့နှစ်ဦးသည် သြဂုတ်လ (၁၂) ရက်နေ့ နံနက် ရး၃၀ နာရီတွင် ရာအိမ်မှူး ဦးတာဟဲရ်က ဦးအဗ်ဒူလ္လာကို စော်ကားပြောဆိုသောကြောင့် အချင်းချင်း စကားများခဲ့သည်။ စကားများနေစဉ် မိသားစုဝင်များပါ ပါဝင်လာခဲ့သဖြင့် အပြန်အလှန် ထိုးကြိတ်ခဲ့သည့်အထိ ဖြစ်လာခဲ့သည်။ 

၎င်းတို့ ရန်ဖြစ်နေသည့်သတင်းကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီး သိရှိသွားပြီးနောက် နေ့လည်ပိုင်းတွင် နှစ်ဖက်စလုံးကို ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးသို့ ဆင့်ခေါ်၍ ငွေညှစ်ခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

“ပြဿနာ ဘယ်ကစဖြစ်တယ်၊ ဘာကြောင့်ဖြစ်တယ်၊ ဘယ်သူ့ကြောင့် ဖြစ်တယ် ဆိုတာတွေကို ဖော်ထုတ်ပြီး အပြစ်ရှိသူကို အရေးယူဖို့ မလုပ်ဘူး။ ပြဿနာရဲ့ ဇစ်မြစ်ကို မထုတ်ဖော်ဘဲ ပြဿနာဖြစ်ခဲ့တာကြောင့် နှစ်ဖက်စလုံးက ငွေပေးရမယ်ဆိုပြီး ဦးအဗ်ဒူလ္လာ ဆီက ငွေ ၆ သိန်း၊ တာဟဲရ် ဆီက ငွေ ၄ သိန်း ညှစ်တယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 

ဦးမောင်ကြီး၏ ပြဿနာဖြေရှင်းနည်းမှာ ကျူးလွန်သူကို ဖော်ထုတ် အပြစ်ပေး အရေးယူခြင်းမျိုး မဟုတ်ဘဲ နှစ်ဖက်စလုံးမှ ငွေညှစ်ယူသော စနစ်ဖြစ်သည်။ ကျူးလွန်သူကို ဖော်ထုတ်အရေးယူလျှင် တစ်ဖက်ကသာ ငွေညှစ်နိုင်မည်ဖြစ်သောကြောင့် ကျူးလွန်သူကို ဖော်ထုတ်ခြင်း မပြုလုပ်ဘဲ နှစ်ဖက်စလုံးမှ ငွေညှစ်လျှင် ငွေပမာဏပိုများမည်ကိုသာ အဓိကထားခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။ 

ဦးမောင်ကြီးဆိုသူသည် ၎င်း၏ မွေးစားသားသမီးများကိုပင် လွှတ်မပေးသည့် လူမိုက်တစ်ဦးဖြစ်သည်ဟု ဒေသခံများက ပြောသည်။ ရာအိမ်မှူး ဦးတာဟဲရ်ဆိုသူသည် ၂၀၁၈ ခုနှစ်တွင် ဦးမောင်ကြီးက ၎င်း၏ အာဏာဖြင့် တိုက်ရိုက်ခန့်အပ်ခဲ့သည့် ၎င်း၏ အမာခံ လက်ကိုင်တုတ်ဖြစ်သည်။ ဦးတာဟဲရ်က ဦးမောင်ကြီး ငွေညှစ်နိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးသူလည်း ဖြစ်သလို၊ ဦးမောင်ကြီးအတွက် အမျိုးသမီးများလည်း ရှာဖေ စီစဉ်ပေးသူဖြစ်သည်။ သို့သော်လည်း ဦးမောင်ကြီးက ငွေညှစ်ရန် အခွင့်အလမ်းရသောအခါ ၎င်း၏ လက်ကိုင်တုတ်ကိုပင် လွှတ်မပေးသူ ဖြစ်သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ