ခရိုင်နှင့်မြို့နယ် အုပ်ချုပ်ရေးမှူးများအတွက်ဟု ဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးများက ကုရ်ဘာနီ ပြုလုပ်သူများထံမှ ငွေကောက်ခံ
၀င်းမင်းစိုး Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အခြား ကျေးရွာအုပ်ချုပ်ရေးမှူးများသည် ခရိုင်နှင့်မြို့နယ်အုပ်ချုပ်ရေးမှူးများအတွက်ဟုဆိုကာ ကုရ်ဘာနီပြုလုပ်သူများထံမှ ငွေကြေး အမြောက်အမြား ကောက်ခံသည်။

ယနေ့ သြဂုတ်လ (၁၂) ရက်နေ့တွင် ကျရောက်သည့် အီးဒုလ်အဒဟာ (ကုရ်ဘာနီ) နေ့တွင် မောင်တောမြို့နယ် မြို့မတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှသိန်း (ခ) ဦးမော်ဂျီအုလ္လာ က ကုရ်ဘာနီလုပ်သည့် ရပ်ကွက်သားများထံမှ ကျွဲ၊ နွားတစ်ကောင်လျှင် ငွေကျပ် တစ်သောင်းစီ ကောက်ခံသည်။ ဦးလှသိန်းက ကုရ်ဘာနီလုပ်သူများ၏ စာရင်းကို ရာအိမ်မှူးများမှ တစ်ဆင့် ပြုစုခဲ့သည်။ ထို့နောက် ကုရ်ဘာနီလုပ်သူများကို ကျွဲ၊ နွား တစ်ကောင်လျှင် ငွေကျပ် တစ်သောင်းနှုန်းစီ ပေးသွင်းရန် အမိန့်ထုတ်ခဲ့ခြင်းဖြစ်သည်။ ကျွဲ၊ နွားတစ်ကောင်လျှင် ငွေကျပ်တစ်သောင်းစီ မသွင်းဘဲ ကုရ်ဘာနီလုပ်လျှင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် ပြင်းထန်စွာ အရေးယူခိုင်းမည်ဟု ၎င်းက ခြိမ်းခြောက်ခဲ့သည်။

ဦးလှသိန်းက ယခုကဲ့သို့ ငွေကောက်ခံနေခြင်းသည် ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့အတွက် ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း ရပ်ကွက်သားများက ဆိုကြသည်။ 

မြို့မတောင်ရပ်ကွက်မှ ကုရ်ဘာနီလုပ်သူတစ်ဦးက “ကုရ်ဘာနီ ကျွဲ၊ နွားတစ်ကောင်ကို ငွေတစ်သောင်းစီ ကောက်နေတယ်။ ငွေ တစ်သောင်း မသွင်းဘဲ ကုရ်ဘာနီလုပ်ခဲ့တာ တွေ့ခဲ့ရင် မြို့နယ်အုပ်ချုပ်ရေးမှူးကနေ တစ်ဆင့် အရေးယူခိုင်းမယ်လို့ ခြိမ်းခြောက်တယ်။ လူတွေကတော့ ငွေမပေးရင် ပြဿနာတတ်မှာကို ကြောက်တော့ ရပ်ကွက် အုပ်ချုပ်ရေးမှူး တောင်းသလောက် ပေးရတယ်” ဟု Rohingya Today သို့ပြောသည်။

မြို့မတောင်ရပ်ကွက်တွင် ကုရ်ဘာနီလုပ်သူ အနည်းဆုံး ၄၀၀ ဦးခန့် ရှိပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးက အနည်းဆုံး ငွေကျပ် သိန်း ၄၀ ကောက်ခံရထားပြီး ဖြစ်သည်။

မြို့မတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှသိန်း (ခ) ဦးမော်ဂျီအုလ္လာသည် အစိုးရ၏ ငယ်ကျွန်တစ်ဦးပမာ လက်ကိုင်တုတ်ဖြစ်ပြီး၊ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်း၍ စိတ်ကြွဆေးပြား (WY) ရောင်းဝယ် ဖောက်ကားနေသူလည်း ဖြစ်သည်။ ၎င်းသည် ၂၀၁၆ ခုနှစ်က နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ် တိုက်ခိုက်ခံရမှုနှင့် ဆက်နွယ်သည်ဟုဆိုကာ ပြည်ထောင်စုအစိုးရက သတ်မှတ်ထားသည့် တရားခံစာရင်းတွင် ပါဝင်ခဲ့သော်လည်း အာဏာပိုင်များက ၎င်းအား မည်သို့မျှ အရေးယူခဲ့ခြင်း မရှိသည့်အပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရာထူးကိုပါ အပ်နှင်း ချီးမြှင့်ခဲ့သည်။ 

မောင်တောမြို့မှ အခြားသောကျေးရွာများဖြစ်သည့် ကညင်တန်း၊ မြို့ဦး၊ ညောင်ချောင်း၊ ရွှေဇား၊ ပန်းတောပြင် စသည့်ကျေးရွာများတွင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးများက အလားတူ အကြောင်းပြချက်ဖြင့် ကုရ်ဘာနီ ပြုလုပ်သူများထံမှ ငွေကောက်ခံနေမှုများ ပြုလုပ်နေသော်လည်း ကျွဲ၊ နွားတစ်ကောင်လည်း ငွေကျပ် တစ်သောင်း အောက်သာ ကောက်ခံနေကြောင်း၊ မည်သည့်ကျေးရွာတွင် ငွေမည်မျှ ကောက်ခံနေသည်ကို အသေးစိတ် စာရင်းပြုစုလျက်ရှိနေကြောင်း မောင်တောခရိုင် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးကျော်မောင်က ပြောသည်။ 

ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း၊ ဝရကျွန်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဖုရားပြင်အောင်ပ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီး တို့ကလည်း ၎င်းတို့ကျေးရွာများတွင် ကုရ်ဘာနီလုပ်သူများထံမှ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးအတွက်ဟုဆိုကာ ကျွဲ၊ နွားတစ်ကောင်လျှင် ငွေကျပ် ၅၀၀၀/- စီ ကောက်ခံလျက်ရှိသည်။ 

“စွန့်လွှတ်ခြင်း၊ အလှူတန်းပြုခြင်း” ဟု အဓိပ္ပာယ်ရသည့် ကုရ်ဘာနီအီးဒ်ပွဲတော်သည် မွတ်စလင်တို့ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ် အခါသမယ ဖြစ်သည်။ ဘာသာရေးလွတ်လပ်ခွင့် ရှိသည်ဟု တတွတ်တွတ် ပြောနေသည့် အစိုးရလူကြီးများက ၎င်းတို့၏ ရာထူးအာဏာကို အလွှဲသုံးစားပြုလုပ်ပြီး ပြည်သူများ၏ “စွန့်လွှတ်ခြင်း၊ အလှူတန်းပြုလုပ်ခြင်း” မှ ငွေကောက်ခံနေခြင်းသည် အလွန်ပင် ရုပ်ဆိုးအကျည်းတန်သော လုပ်ရပ်ဖြစ်သည်ဟု မောင်တောခရိုင် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ အဖွဲ့ဝင် ဦးကျော်မောင်က ဝေဖန်ပြောဆိုသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ