ကျွဲ၊ နွား ရောင်းပွဲတော်သို့ ရောင်းချရန် သယ်ယူသွားသည့် ကျွဲ၊ နွားများအတွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းများက ငွေကောက်ခံ
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ကျွဲ၊ နွား ရောင်းပွဲတော်သို့ ရောင်းချရန် သယ်ယူသွားသည့် ကျွဲ၊ နွားများအတွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့  ကင်းစခန်းများက ငွေကောက်ခံသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့ နောက်ပိုင်းမှစ၍ အီးဒုလ်အဒဟာ (ကုရ်ဘာနီ) အတွက် ကျွဲ၊ နွား ရောင်းပွဲတော်များ ကျင်းပ၍ ရောင်းဝယ်ခွင့် ပိတ်ပင်ထားခဲ့သည်။ ယခု (၃) နှစ်မြောက်တွင် ကျွဲ၊ နွား ရောင်းပွဲတော် ကျင်းပခွင့်ရ၍ ဒေသခံများ ပျော်ရွှင်စွာ ရောင်းဝယ်နေကြသည်။ 

ကျွဲ၊ နွားဝယ်ယူသူများမှာ ရိုဟင်ဂျာများ ဖြစ်ကြသော်လည်း လာရောက်ရောင်းချသူများမှာ ရိုဟင်ဂျာများသာမဟုတ်ဘဲ ရခိုင်၊ မြို၊ သက်၊ ဒိုင်းနက် စသည့်လူမျိုးများလည်း လာရောက်ရောင်းချကြသည်။ မောင်တောမြို့ပေါ် ဈေးပွဲတော်ကို ယခင်က ကျင်းပလေ့ရှိသည့် မြို့မကညင်တန်းကျေးရွာ အရှေ့ဘက် ဘင်္ဂလားဒေ့ရှ်ကျောင်းတိုက်၏ မြောက်ဘက်၊ ကားဂိတ်ဆောက်လုပ်ရန် သိမ်းယူထားသည့် လယ်ကွင်းပြင်တွင် ကျင်းပသည်။ 

မောင်တောမြို့နယ် တောင်ပိုင်းတွင် ကျန်ရှိသည့် ညောင်ချောင်း၊ ပန်းတောပြင်၊ ဒု-ညောင်ပင်ကြီး ကျေးရွာများမှ ဈေးပွဲတော်သို့ သွားရန် ညောင်ချောင်းနှင့် မြို့မကညင်တန်းကျေးရွာကြားရှိ မားယောင်းခါလီဖုလ် (ရိုဟင်ဂျာအခေါ်၊ ယခု အာဏာပိုင်များက မန်းကျီးချောင်းတံတားဟု အမည်ပြောင်း) တံတားကို ဖြတ်သန်းသွားရသည်။ 

သြဂုတ်လ (၉) ရက်နေ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက ယူဆောင်လာသည့် ကျွဲ၊ နွားများအတွက် တစ်ကောင်လျှင် ငွေကျပ် သုံးထောင်စီ ကောက်ခံခဲ့သည်။ ဈေးသို့ ယူဆောင်လာသည့် ကျွဲ၊ နွားများ အားလုံး မရောင်းနိုင်ဘဲ ညနေပိုင်းတွင် မိမိတို့၏ နေရပ်များသို့ ပြန်လည် ယူဆောင်သွားခဲ့သည်။ သြဂုတ်လ (၁၀) ရက်နေ့တွင် ဈေးပွဲတော်သို့ ယူဆောင်လာသည့် ကျွဲ၊ နွားများအတွက် တစ်ကောင်လျှင် ငွေကျပ် နှစ်ထောင်စီ ကောက်ခံခဲ့သည်။ သြဂုတ်လ (၉) ရက်နေ့တွင် ပေးထားသည့် ကျွဲ၊ နွားများအတွက် ထပ်မံ၍ ပေးရသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ ယနေ့ သြဂုတ်လ (၁၁) ရက်နေ့တွင် ကောက်ခံခြင်း မရှိဟု ၎င်းတို့က ဆိုကြသည်။ 

ငွေကောက်ခံရာတွင် ရိုဟင်ဂျာများထံမှသာ ကောက်ခံပြီး၊ ရခိုင်၊ မြို့၊ သက်၊ ဒိုင်းနက်များထံမှ ကောက်ခံခြင်း မရှိပေ။

ဈေးပွဲတော်မှ ကျွဲ၊ နွားများ ဝယ်ယူပြီး မြို့ပေါ်ရပ်ကွက်များ၊ ရွှေဇားကျေးရွာ၊ ပေါင်းဇားကျေးရွာ၊ လှဘော်ဇားကျေးရွာများဘက်သို့ ယူဆောင်သွားသူများထံမှ ခရိုင်အုပ်ချုပ်ရေးမှူးရုံးရှိ နယ်ခြားစောင့်ရဲများက ကျွဲ၊ နွားတစ်ကောင်လျှင် ငွေကျပ် နှစ်ထောင်မှ ငါးထောင်ထိ ကောက်ခံသည်။ 

ထိုမှတဆင့် ရွှေဇားတံတား ကင်းစခန်းကို ဖြတ်သန်းလျှင် တစ်ကောင်ကို ငွေကျပ် သုံးထောင်စီ ကောက်ခံသည်။ ရွှေဇားကျေးရွာနှင့် ပေါင်းဇားကျေးရွာ ကြားရှိ တံတားစောင့် ကင်းစခန်းကို ကျော်လျှင် ငွေကျပ် နှစ်ထောင်မှ သုံးထောင်ထိ ကောက်ခံသည်။ 

ဈေးပွဲတော်တွင် တရားဝင်ဈေးကောက်ပေး၍ ဝယ်ယူသော ကျွဲ၊ နွားများ ယူဆောင်သွားရန် ကင်းစခန်းဂိတ် (၃) ခုတွင် ငွေပေးရသည်။ ငွေပေးရန် ငြင်းဆန်ပါက တပ်ဖွဲ့ဝင်များက ဆဲဆိုခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်သည်။ ဆဲဆိုခြိမ်းခြောက်ခံပြီး နောက်ဆုံးတွင် ငွေပေးရသည်ဟု ဒေသခံများက ပြောပါသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ