ဘူးသီးတောင် ဘုရားပြင်အောင်ပ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်း၍ ရွာသားများကို ညှဉ်းပန်းနှိပ်စက်သည့် ရာအိမ်မှူးများကို ရာထူးမှဖယ်ရှား
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဘုရားပြင်အောင်ပကျေးရွာအုပ်စုတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်း၍ ရွာသားများကို ညှဉ်းပန်းနှိပ်စက်သည့် ရာအိမ်မှူးများကို ရာထူးမှ ဖယ်ရှားလိုက်သည်။ 

NLD အစိုးရတက်လာပြီးနောက် ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် ဗုဒ္ဓဘာသာဝင်များ နေထိုင်သောရွာ (ရခိုင်၊ ဒိုင်းနက်၊ မြို၊ ခမီး၊ သက်) နှင့် ရိုဟင်ဂျာများနှင့် စုပေါင်းနေထိုင်သော ကျေးရွာအုပ်စုများတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ဗုဒ္ဓဘာသာဝင်များထံမှသာ မဲယူပြီး ဗုဒ္ဓဘာသာ ကိုးကွယ်သူကိုသာ ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် တင်မြှောက်ပြီး ရိုဟင်ဂျာများထံမှ သီးသန့်မဲယူ၍ ရာအိမ်မှူးများနှင့် ကျေးရွာတာဝန်ခံကို ရွေးချယ်သည့်စနစ် ကျင့်သုံးလာခဲ့သည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ဘုရားပြင်အောင်ပကျေးရွာအုပ်စုတွင် ၂၀၁၈ ခုနှစ်က ကျေးရွာတာဝန်ခံနှင့် ရာအိမ်မှူးများ ရွေးချယ်တင်မြှောက်စဉ် မဲအနိုင်ရရှိခဲ့သည့် ရာအိမ်မှူးများကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီးက ရာအိမ်မှူးများအဖြစ် ခန့်အပ်ခြင်း မပြုလုပ်ဘဲ ကျေးရွာအုပ်စုအတွင်းရှိ ရိုဟင်ဂျာရွာ အကွက် (၁၀) ခု မှ ၎င်း၏ စိတ်တိုင်းကျ လက်ကိုင်တုတ် (၁၁) ဦးကို ရာအိမ်မှူးများအဖြစ် ခန့်အပ်ခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

အဆိုပါ ရာအိမ်မှူးများသည် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီး ငွေညှစ်နိုင်ရန်အတွက် အခြေအနေများ ဖန်တီးပေးခြင်း၊ ဦးမောင်ကြီးအတွက် အမျိုးသမီးများ စီစဉ်ပေးခြင်း စသည်တို့အပြင် ဦးမောင်ကြီးနှင့် ပူးပေါင်း၍ ရွာသားများကို နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်သူများ ဖြစ်ကြသည်။ 

အဆိုပါ ရာအိမ်မှူးများနှင့် ပတ်သက်သည်များကို မြို့နယ် အုပ်ချုပ်ရေးမှူးက သိရှိသွားပြီးနောက် သြဂုတ်လ (၄) ရက်နေ့တွင် တာဝန်မှ ရပ်ဆိုင်းလိုက်သည်။ ထို့အပြင် ၂၀၁၈ ခုနှစ်က မဲအနိုင်ရရှိခဲ့သည့် ရာအိမ်မှူးများကို ရာအိမ်မှူးများ အဖြစ် ခန့်အပ်လိုက်သည်ဟု သိရသည်။ မဲအနိုင်ရရှိသူများထဲမှ (၃) ဦးက ရာအိမ်မှူး တာဝန် ထမ်းဆောင်လိုစိတ်မရှိတော့၍ ရာထူးလက်ခံရယူခြင်း မရှိခဲ့ပေ။ ၎င်းတို့ (၃) ဦးနေရာအတွက် ပြန်လည် ရွေးချယ်တင်မြှောက်မည် ဖြစ်သည်။

ဦးမောင်ကြီး၏ လက်ကိုင်တုတ် ရာအိမ်မှူးများ တာဝန်မှ ရပ်စဲခံရခြင်းသည် မြို့နယ် အုပ်ချုပ်ရေးမှူးက ဦးမောင်ကြီး၏ ခြေလက်များကို ရိုက်ချိုးပစ်သလို ဖြစ်နေသည်ဟု ဒေသခံများက ဆိုကြသည်။ 

ဦးမောင်ကြီးက တာဝန်မှ ရပ်စဲခံရသည့် ၎င်း၏ လက်ကိုင်တုတ် ရာအိမ်မှူးများကို ကျေးရွာ၏ အခြေအနေကို ၎င်းအား အမြဲသတင်းပို့ရန် မှာကြားသည့်အပြင် ၎င်းတို့အား ရာအိမ်မှူးများ၏ အထက်တွင် ခန့်ထားမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။ 

ရာအိမ်မှူး တာဝန်မှ ရပ်စဲရသူများမှာ --

(၁) ဦးမိုဟီဘူလ္လာ (အကွက် ၁)
(၂) ဦးမာမတ်ရှော်ဖီ (အကွက် ၂)
(၃) ဦးဇူဘိုင်ရ် (အကွက် ၃)
(၄) ဦးအာနိုဝါရ်နှင့် ဦးဘိဏာ (အကွက် ၄ - အိမ်ခြေ ၂၅၀ ရှိသောကြောင့် ရာအိမ်မှူး နှစ်ဦး)
(၅) ဦးမာမတ်ဆော်လိမ် (အကွက် ၅)
(၆) ဦးဟာလာဘော်ဒါ (အကွက် ၆)
(၇) ဦးနော်ဇီအာမတ် (အကွက် ၇)
(၈) ဦးရှာကဲရ် (အကွက် ၈)
(၉) ဦးမာမတ်အာမီးန် (အကွက် ၉)
(၁၀) ဦးမာမတ်တာဟဲရ် (အကွက် ၁၀) -- တို့ဖြစ်ကြသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ