ဘူးသီးတောင် ညောင်ချောင်း နယ်မြေစခန်းကို ထပ်မံတိုက်ခိုက်မည်ဟု သတင်းများ ထွက်ပေါ်မှုကြောင့် ဒေသခံများစိုးရိမ်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ညောင်ချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းကို AA က တိုက်ခိုက်ပြီးနောက် နောက်တစ်ကြိမ် ထပ်မံ၍ တိုက်ခိုက်မည်ဟု သတင်းများ ထွက်ပေါ်နေခြင်းကြောင့် ယင်းနယ်မြေရှိ ဒေသခံများ စိုးရိမ်ထိတ်လန့်လျက်ရှိသည်။ 

ဇူလိုင်လ (၂၆) ရက်နေ့ နံနက် ၄ နာရီတွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ညောင်ချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းကို AA မှ တိုက်ခိုက်ခဲ့ရာ နှစ်ဘက်စလုံးမှ အထိအခိုက် ကျဆုံးမှုများ ရှိခဲ့သည်။ အစိုးရစစ်တပ် တပ်မှ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် တိုက်ပွဲနှင့် ပတ်သက်ခြင်း မရှိသော ရိုဟင်ဂျာ (၃) ဦး ကျည်ဆံထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် အိမ်တစ်လုံးလည်း မီးလောင်သွားခဲ့သည်။ 

ယခုတစ်ဖန် သြဂုတ်လ (၈) ရက်နေ့တွင် ထပ်မံတိုက်ခိုက်မည်ဟု သတင်းများထွက်ပေါ်ပြီးနောက် ဒေသခံများ စိုးရိမ်ထိတ်လန့်လျက်ရှိနေကြသည်။ တပ်မ၊ တပ်ရင်းများက ပြန်လည် ခုခံတိုက်ခိုက်ရာတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် အပြစ်မဲ့ ဒေသခံများ ထိခိုက်နေခြင်းကြောင့် ပို၍ စိုးရိမ်နေရသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ညောင်ချောင်း နယ်မြေစခန်း၏ ပတ်ပတ်လည်တွင် ရိုဟင်ဂျာရွာများ ရှိနေပြီး မည်သည့်ဘက်မှ ပစ်ခတ်သည်ဖြစ်စေ၊ ရိုဟင်ဂျာရွာများအတွင်းသာ ကျည်ဆံများ ကျရောက်နိုင်သောကြောင့် ရိုဟင်ဂျာများက အထူးစိုးရိမ်နေကြသည်။ 

၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ အစိုးရစစ်တပ်နှင့် AA တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် အပြစ်မဲ့ ဒေသခံရိုဟင်ဂျာ အများအပြား ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများ ရှိခဲ့သည်။ လူနေအိမ်အချို့လည်း ပျက်စီးခဲ့ရသည်။ ဒေသခံအချို့ ၎င်းတို့၏ အိုးအိမ်စွန့်ခွာ ထွက်ပြေးပြီး အခြားသောရွာများတွင် ခိုလှုံနေရသည်။ လုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်းမရှိဘဲ ကျီးလန့်စာစား နေနေရသည်ဟု ဒေသခံများက ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ