နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး၊ တပ်ရင်းမှူးများနှင့် ရွာသားနှစ်ဦး ပူးပေါင်း၍ ပိုင်ရှင်ရှိသည့် လယ်မြေဧက ၁၀၀၀ ခန့်ကို တာဆည်၍ ငါး၊ ပုဇွန်များ မွေးမြူလျက်ရှိ
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျောက်လှေကားကျေးရွာအုပ်စုမှ ရ.ဝ.တ ဥက္ကဌဟောင်း ဦးဟာမိတ်နှင့် ၎င်း၏အစ်ကို ဦးအဒူရော်ဇက် (ဘ) ကျော်ဝင်း (ကျောက်လှေကား ဈေးခေါင်း) တို့ ညီအစ်ကိုနှစ်ဦးသည် ပြင်ဖြူ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူး၊ တပ်ရင်းမှူးနှင့် ကျီးကန်းပြင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်မှ ကွပ်ကဲရေးမှူး တို့နှင့် ပူးပေါင်း၍ ကျီးကန်းပြင်ကျေးရွာနှင့် ဇင်ပိုင်ညာကျေးရွာ ကြားရှိ ရိုဟင်ဂျာများ ပိုင်ဆိုင်သော လယ်မြေနှင့် ပုဇွန်ကန်မြေ ဧက တစ်ထောင်ခန့်ကို တာဆည်၍ ငါး၊ ပုဇွန်များ မွေးမြူလျက်ရှိသည်။ 

မြေဧက တစ်ထောင်တွင် ကျီးကန်းပြင်ကျေးရွာမှ ရွာသစ်ကေရပ်ကွက် (အမှတ် ၅ ရပ်ကွက်) သို့ ပြောင်းရွှေ့ နေထိုင်သော ဦးရှော်ဘီရာမာန် ပိုင်ဆိုင်သည့် ပုဇွန်ကန် ၅ ဧက ကို ပိုင်ရှင်ထံမှ ငှားယူထားခြင်း ဖြစ်ပြီး၊ ကျန်သည့် ပုဇွန်ကန်နှင့် လယ်မြေများကို ပိုင်ရှင်များထံမှ ငှားယူခြင်းမရှိဘဲ နယ်ခြားစောင့်ရဲတပ်ဖွဲ့ အကြီးအကဲများ၏ အာဏာဖြင့် မတရားသဖြင့် တာဆည်ကာ ငါး၊ ပုဇွန်များ မွေးမြူနေခြင်း ဖြစ်သည်။ မြေဧက တစ်ထောင်တွင် လယ်မြေဧက ၅၀၀ ကျော်နှင့် ပုဇွန်ကန် ဧကာ ၅၀၀ ခန့်ဖြစ်သည်။ မြေပိုင်ရှင် ၈၀% မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံနေကြပြီး၊ ကျန်သည့် ၂၀% သည် ကျီးကန်းပြင်၊ ဇင်ပိုင်ညာ၊ ကျောက်လှေကား စသည့် ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် နေထိုင်လျက်ရှိသည်။ 

ကျန်ရှိသည့် လယ်မြေပိုင်ရှင်များက ၎င်းတို့၏ လယ်မြေများတွင် လုပ်ကိုင်ချင်သော်လည်း ဦးဟာမိတ်နှင့် ဦးအဒူရော်ဇက်တို့က ၂၀၁၈ ခုနှစ် ဆောင်းရာသီအချိန်မှစ၍ တာဆည်၍ ရေငန်များ အပြည့်သွင်းထားသဖြင့် လုပ်ကိုင်စားသောက်ရန် မဖြစ်နိုင်တော့ပေ။ ကာလကြာရှည်စွာ ရေငန်များ သွင်းထားသောကြောင့် လယ်မြေများ၏ ဘောင်များသည် ပျော်ဝင်၍ ပြိုကွဲနေသည်။ ပိုင်ရှင်အချို့က ၎င်းတို့၏ လယ်မြေများတွင် ရေငန်များ အပြည့်သွင်းထားသည်ကို တွေ့ရှိသဖြင့် ဦးဟာမိတ်နှင့် ဦးအဒူရော်ဇက် တို့ထံ သွားရောက်၍ ၎င်းတို့၏ လယ်မြေများတွင် ရေငန်များ သွင်းထားခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ ဦးဟာမိတ်တို့ ညီအစ်ကိုနှစ်ဦးက “မင်းတို့က ဘာကောင်တွေလဲ၊ မြို့နယ် ခရိုင် အုပ်ချုပ်ရေးမှူးတွေ၊ ကွပ်ကဲရေးမှူးတွေ၊ တပ်ရင်းမှူးတွေ အားလုံး ငါတို့လက်ထဲမှာ ရှိတယ်၊ ဒီဒေသမှာ ငါတို့လုပ်ချင်သလို လုပ်လို့ရတယ်၊ ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုဘူး။ မင်းတို့ တိုင်ချင်တဲ့နေရာတိုင်” ဟု ရိုင်းပျစွာ ပြန်ပြောခဲ့သည်။ 

မြေပိုင်ရှင်များကလည်း ၎င်းတို့ကို ဖမ်းဆီး၍ ညှဉ်းပန်းနှိပ်စက် ငွေညှစ်မည်ကို စိုးရိမ်၍ သက်ဆိုင်ရာသို့ တိုင်ကြားခြင်း မပြုလုပ်ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေသူများသည် တစ်နေ့နေ့တွင် ၎င်းတို့၏ နေရပ်ရင်းသို့ ပြန်လာမည်မှာ မလွဲမသွေဖြစ်ပြီး ၎င်းတို့ ပြန်ရောက်သည့်အခါ လယ်မြေများ ပြန်လည် ရရှိခြင်းမရှိဘဲ ယခု ငါး၊ ပုဇွန်များ မွေးမြူနေသည့် ညီအစ်ကိုနှစ်ဦးက ပိုင်ဆိုင်သွားမည်ကို စိုးရိမ်နေကြသည်။ မူလပိုင်ရှင်များကို ပြန်လည်အပ်နှံလျှင် ဘောင်များ ပျောက်နေသောကြောင့် နယ်နိမိတ် သတ်မှတ်ရန် အခက်အခဲ ဖြစ်နိုင်သလို၊ လယ်ပိုင်ရှင် အချင်းချင်း ပြဿနာပင် ဖြစ်နိုင်သည်ဟု ဆိုကြသည်။ လယ်မြေများသည် ဆားငန်ဓါတ်ကြောင့် ပျက်စီးသွားနိုင်သည်ဟု ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတွင် ခိုလှုံနေသည့် လယ်ပိုင်ရှင်အချို့က ပြောသည်။ 

ကျောက်လှေကားဈေး (မင်္ဂလာကြီးဈေး) မှ ဈေးခေါင်း ဦးအဒူရော်ဇက်သည် ယင်းဈေးထဲရှိ ဆိုင်များမှ ဈေးကောက်များ အဆမတန် ကောက်ခံသူ ဖြစ်သည်။ ၎င်းတောင်းခံသည့်အတိုင်း ဈေးကောက်ပေးရန် ငြင်းဆန်သူများကို ရိုက်နှက်ခြင်း၊ ပစ္စည်းများ သိမ်းယူခြင်းများ ပြုလုပ်၍ ညှဉ်းပန်းနှိပ်စက်လေ့ရှိသည်။ ရ.ဝ.တ ဥက္ကဌဟောင်း ဦးဟာမိတ် ဆိုသူသည်လည်း အာဏာရှိစဉ်က ရွာသားများ၏ လယ်မြေ ဥစ္စာပစ္စည်းများကို မတရားသိမ်းယူခြင်း၊ မတရားသဖြင့် ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့သူ ဖြစ်သည်။ ယခုလည်း အာဏာပိုင်များနှင့် ပူးပေါင်း၍ မိမိ၏ လူမျိုးကို ညှဉ်းပန်းနှိပ်စက်နေသူ ဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။ အာဏာပိုင်များနှင့် ရင်းရင်းနှီးနှီးနေသောကြောင့် ဒေသခံများက ၎င်းကို ကြောက်ရွံရသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ