ရခိုင်ပြည်နယ်ရှိ မြို့နယ် အသီးသီးတွင် ရိုဟင်ဂျာလူမျိုး လူဦးရေစာရင်း ကောက်ခံလျက်ရှိ
အေးဇော် Rohingya Today
၂၀၁၄ ခုနှစ် ဇွန်လ၌ မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာတွင် ရိုက်ကူးထားသည့်ပုံ (ဓါတ်ပုံ - ရိုက်တာ/စိုးဇေယျာထွန်း)

ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးများ၏ ညွန်ကြားချက်အရဟုဆိုကာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက “လူဦးရေစာရင်းနှင့် အချက်အလက် ကောက်ယူမှုပုံစံ” ဟု ခေါင်းစဉ်တပ်၍ ပုံစံများ ဖြည့်စွက်ပြီး ရိုဟင်ဂျာလူမျိုးများ၏ လူဦးရေစာရင်းကို ကောက်ခံလျက်ရှိသည်။

ဖြည့်စွက်သည့် ပုံစံတွင် မဲရုံအမှတ်လည်း ပါရှိသောကြောင့် အချို့က မဲစာရင်းကောက်ခံနေသည်ဟုလည်း ပြောဆိုနေကြသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ရိုဟင်ဂျာလူမျိုးများကို ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်စေပြီး မဲပေးပိုင်ခွင့် ပေးသွားမည်ဟု အာဏာပိုင်အချို့က ၎င်းတို့နှင့် ခင်မင်ရင်းနှီးသူများကို ပြောဆိုခဲ့သည်ဟု သိရသည်။ သို့သော်လည်း တရားဝင် ကြေညာ၍ ပြောဆိုခြင်း မရှိသေးပေ။

လူဦးရေစာရင်းကောက်ခံသူများကို မေးလျှင် မြို့နယ်အုပ်ချုပ်ရေးမှူး၏ ညွန်ကြားချက်အရ ကောက်ခံနေခြင်းသာ ဖြစ်သည်ဟု ဆိုကြသည်။ မည်သည့်အတွက်ကြောင့် ကောက်ခံနေသည်ကို အတိအကျ မသိရသေးဟု ဖြေဆိုကြသည်။ 

ရိုဟင်ဂျာလူမျိုး ကျေးရွာအုပ်ချုပ်ရေးမှူး အုပ်ချုပ်သော ရပ်ကွက်၊ ကျေးရွာများတွင် မြို့နယ် အုပ်ချုပ်ရေးမှူးက ခန့်အပ်ထားသည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးရုံးမှ စာရေးက ဦးဆောင်ပြီး စာသင်ကျောင်းများမှ ဆရာ/မ များကို သုံး၍ လူဦးရေစာရင်း ကောက်ခံလျက်ရှိသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ရခိုင်လူမျိုး အုပ်ချုပ်ရေးမှူး အုပ်ချုပ်သော ရပ်ကွက်၊ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး ရုံးစာရေး၊ စာသင်ကျောင်းများမှ ဆရာ/မ များက ကောက်ခံလျက်ရှိသည်။ 

ဘူးသီးတောင်မြို့နယ်တွင် ဇူလိုင်လ လဆန်းပိုင်းမှစ၍ ကောက်ခံခဲ့ရာ ယခုအခါ တစ်မြို့နယ်လုံး နီးပါး ကောက်ခံပြီးစီးနေပြီ ဖြစ်သည်။ အချို့ရပ်ကွက်၊ ကျေးရွာများတွင် “ဘင်္ဂလီ” လူမျိုးဟု ပုံစံတွင် ရေးသား ဖြည့်စွက်ပြီး၊ အချို့ကျေးရွာ၊ ရပ်ကွက်များတွင် လူမျိုးနေရာတွင် ကွက်လပ်ထားပြီး ရုံးသို့ရောက်မှ “ဘင်္ဂလီ” လူမျိုးဟု ဖြည့်စွက်သည်။ 

ကျေးလက်ဒေသရှိ ကျေးရွာအချို့တွင် ဆရာ/မများ ကျောင်းမတက်သဖြင့် ကျေးရွာမှ ပညာတတ်လူငယ်များက ကောက်ခံကြရာ ၎င်းတို့က “မွတ်စလင်” ဟု ရေးသားသော်လည်း ရခိုင်လူမျိုး ကျေးရွာအုပ်ချုပ်ရေးမှူးများက ၎င်းတို့ရုံးသို့ ပုံစံများရောက်လာလျှင် “မွတ်စလင်” ကို ဖျက်၍ “ဘင်္ဂလီ” ဟု ပြင်ရေးသည်ဟု ဒေသခံများက ပြောသည်။ 

မောင်တောမြို့နယ်တွင် ဇူလိုင်လ လလယ်ပိုင်းမှစ၍ စတင်ကောက်ခံလျက်ရှိသည်။ မောင်တောမြို့နယ်တွင်လည်း ဘူးသီးတောင်မြို့နယ်ကဲ့သို့ အချို့ကျေးရွာ၊ ရပ်ကွက်များတွင် “ဘင်္ဂလီ” ဟု ဖြည့်စွက်ပြီး၊ အချို့နေရာများတွင် ကွက်လပ်ထားကာ ရုံးသို့ရောက်မှ “ဘင်္ဂလီ” ဟု ဖြည့်စွက်သည်။ မောင်တောမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအချို့၌ ကောက်ခံပြီးစီးသွားပြီး၊ ကျန်သည့် ရပ်ကွက်၊ ကျေးရွာများတွင် ဆက်လက်ကောက်ခံလျက်ရှိသည်။ 

ရသေ့တောင်မြို့နယ်တွင် ရိုဟင်ဂျာလူမျိုး အနည်းငယ်သာ ရှိသောကြောင့် အချိန်တိုအတွင်း ကောက်ခံပြီးစီးခဲ့သည်။ 

ပေါက်တောမြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ကျေးရွာအုပ်ချုပ်ရေးမှူးများကို လူဦးရေစာရင်းကောက်ခံရန် ဇူလိုင်လ (၂၇) ရက်နေ့တွင် ပုံစံများ ထုတ်ပေးခဲ့သည်။ ကျေးရွာအုပ်ချုပ်ရေးမှူးများက လူမျိုးနေရာတွင် “ဘင်္ဂလီ” ဟု ရေးလျှင် ရွာသားများက လက်ခံမှာ မဟုတ်ကြောင်း တင်ပြသောအခါ မြို့နယ်အုပ်ချုပ်ရေးမှူးက “မင်းတို့ ကြိုက်သလိုရေးပါ၊ ရိုဟင်ဂျာလို့ ရေးချင်လည်းရေးပါ၊ ဘင်္ဂလီလို့ ရေးချင်လည်းရေးပါ” ဟု ပြောဆိုခဲ့သည်။ ကျေးရွာအုပ်ချုပ်ရေးမှူးများက “ရိုဟင်ဂျာ” လို့ရေးလျှင် ပြဿနာရှာခံရမည်ကို စိုးရိမ်သောကြောင့် “မွတ်စလင်” ဟုသာ ရေးသားမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးကို တင်ပြခဲ့သည်။ 

ပေါက်တောမြို့နယ်မှ ဒေသခံတစ်ဦးက “မွတ်စလင်လို့တော့ ရေးထားတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ရောက်ရင်တော့ မွတ်စလင်ကို ဖျက်ပြီး ဘင်္ဂလီလို့သာ ရေးမှာ သေချာတယ်” ဟု ပြောသည်။ 

ကျောက်တော်နှင့် မြေပုံမြို့နယ်များတွင် “ဘင်္ဂလီ” လူမျိုးဟု ရေးပြီး ကောက်ခံခဲ့သည်။ 

စစ်တွေမြို့နယ်တွင် ယခုလ လဆန်းပိုင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ပုံစံများ ထုတ်ပေးခဲ့သော်လည်း ယခုအချိန်ထိ စာရင်းကောက်ခံခြင်း မရှိသေးကြောင်း သိရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ