ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးက ကုရ်ဘာနီနွား/ကျွဲ များအတွက် ငွေကောက်ခံရန် အမိန့်ထုတ်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းက ဘူးသီးတောင်မြို့နယ် စည်ပင်သာယာရေး ဦးစီးဌာန၏ ညွန်ကြားချက်အရဟု ဆိုကာ သြဂုတ်လ (၁၂) ရက်နေ့တွင် ကျရောက်မည့် ကုရ်ဘာနီ အီးဒ်ပွဲတော်တွင် ကုရ်ဘာနီလုပ်မည့် ကျွဲ/နွား တစ်ကောင်စီ အတွက် သားသတ်ခွင့် ငွေကျပ် တစ်သောင်းစီ ကောက်ခံရန် ကျေးရွာအုပ်ချုပ်ရေးမှူးများကို ဇူလိုင်လကုန်တွင် ကျင်းပသည့် အစည်းအဝေး၌ အမိန့်ပေးခဲ့သည်။ 

ကျေးရွာအုပ်ချုပ်ရေးမှူးများက ငွေကောက်ခံရန် အမိန့်ရသည်ကို အခွင့်ကောင်းယူ၍ ၎င်းတို့အတွက်ပါ ထည့်သွင်း၍ ကောက်ခံလျက်ရှိသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ အချို့ကျေးရွာ အုပ်ချုပ်ရေးမှူးများက ကျွဲ/နွားတစ်ကောင်လျှင် ငွေကျပ် ၁၅၀၀၀/- (တစ်သောင်းငါးထောင်) နှင့် အချို့က ငွေကျပ် ၂၀၀၀၀/- (နှစ်သောင်း) စီ ကောက်ခံလျက်ရှိသည်။ 

ဦးလှဖေကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအာစ်မောတူလ္လာ က ငွေကောက်ခံရန် အမိန့်ရသည့်နေ့မှစ၍ ကုရ်ဘာနီ လုပ်မည့်သူများ၏ စာရင်းကောက်ခံကာ ငွေကျပ် ၁၅၀၀၀/- စီ ကောက်ခံလျက်ရှိသည်။ ငွေကို ၎င်းကိုယ်တိုင် မကောက်ခံဘဲ ရာအိမ်မှူးများမှ တဆင့် ကောက်ခံလျက်ရှိသည်။ 

စည်ပင်သာယာရေးဦးစီးဌာနမှ ယခင်က ယခုကဲ့သို့ ငွေကောက်ခံခြင်း မရှိခဲ့သော်လည်း ၂၀၁၈ ခုနှစ်မှစ၍ ဘူးသီးတောင်မြို့နယ်တွင် ကောက်ခံခြင်း ဖြစ်သည်။ 

ရခိုင်ပြည်နယ်ရှိ အခြားမြို့နယ်များတွင် ကောက်ခံခြင်း မရှိဟု ဘူးသီးတောင်မြို့ခံတစ်ဦးက ပြောသည်။ 

ယခုနှစ် နှစ်ဆန်းပိုင်းမှစ၍ အစိုးရစစ်တပ်နှင့် AA တို့အကြား တိုက်ပွဲများကြောင့် ဘူးသီးတောင်မြို့နယ်၏ အခြေအနေ အလွန်မငြိမ်သက် ဖြစ်နေပြီး၊ ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရခြင်း၊ ကျည်ဆံထိမှန်ပြီး သေဆုံးခြင်း၊ ဒဏ်ရာရခြင်း၊ အိမ်များ မီးလောင်သွားခြင်း စသည်တို့ ကြုံတွေ့နေရချိန်တွင် ကုရ်ဘာနီအတွက် ငွေကောက်ခံနေခြင်းကြောင့် စိတ်အနှောက်အယှက် ဖြစ်နေရသည်ဟု ဒေသခံများက ဆိုကြသည်။ 

ယခုကဲ့သို့ ငွေကောက်ခံခြင်းမှာ ဥပဒေအရ ကောက်ခံခြင်းမဟုတ်ဘဲ အာဏာပိုင်များနှင့် စည်ပင်သာယာရေး ဦးစီးဌာနတို့ ဝေစုခွဲစားရန် ဖြစ်သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ