ဘူးသီးတောင် တောင်ပိုင်း၌ အစိုးရတပ်နှင့် AA တို့အကြား တိုက်ပွဲများတွင် ရိုဟင်ဂျာများ ကြားညှပ်ခံနေရ
သိမ်းဝေ Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်းတွင် အစိုးရစစ်တပ်နှင့် AA တပ်ဖွဲ့တို့ အကြား ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများတွင် ရိုဟင်ဂျာများ ကြားညှပ်ခံနေရသည်ဟု ဒေသခံများက ဆိုကြသည်။

ဘူးသီးတောင်မြို့နယ် တောင်ပိုင်းတွင် အစိုးရတပ်များနှင့် AA တပ်ဖွဲ့တို့အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး၊ တိုက်ပွဲဖြစ်ပွားပြီးသည်နှင့် စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က နယ်မြေရှင်းလင်းလေ့ရှိသည်။ ထိုသို့ နယ်မြေရှင်းလင်းရာတွင် ကျေးရွာများနှင့် တောတောင်များ အတွင်းသို့ ဝင်ရောက်၍ ရှာဖွေ ရှင်းလင်းလေ့ရှိသည်။ 

အစိုးရစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့သည် တစ်ရွာမှ တစ်ရွာသို့၊ တောင်တောင် တစ်ခုမှ အခြားတစ်တစ်ခုသို့ သွားလိုလျှင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များမှ တောင်းဆို၍သော်လည်းကောင်း၊ ၎င်းတို့ မျက်စိရှေ့တွေ့သူများကိုသော်လည်းကောင်း၊ ရိုဟင်ဂျာများကို လမ်းပြများအဖြစ် ခေါ်သွားလေ့ရှိသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

“လမ်းပြအဖြစ် ခေါ်သွားတဲ့လူတွေက အသက်အန္တရာယ်နဲ့ သွားရတာကြောင့် သူတို့ရဲ့ မိသားစုတွေက စိုးရိမ်ကြတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 

“လမ်းပြအဖြစ် ခေါ်သွားတဲ့ ရိုဟင်ဂျာတွေက စစ်တပ်က သူတို့ကို ခေါ်သွားတဲ့အတိုင်း ရွာတစ်ရွာကနေတစ်ရွာ၊ တောတောင် တစ်ခုကနေ နောက်တစ်ခု သွားလာရတော့ လမ်းမှာ AA နဲ့ ထိပ်တိုက်တွေ့ရင် သေမှာလည်း ကြောက်ရတယ်။ ပြီးတော့ စစ်တပ်က အတင်းအဓမ္မ ခေါ်သွားတာကို AA က နားမလည်ဘဲ  စစ်တပ်ကို AA နဲ့ ပတ်သက်ပြီး သတင်းပေးနေတယ်ဆိုပြီး ထင်မှာလည်း စိုးရတယ်။ AA က ရိုဟင်ဂျာအချို့ကို စစ်တပ်ကို သတင်းပေးနေတယ်ဆိုပြီး လာခြိမ်းခြောက်တာတွေလည်း ရှိနေတော့ ကျွန်တော်တို့က ကြားညှပ်နေတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။ 

စစ်တပ်က ခေါ်ဆောင်သွားသည့် ရိုဟင်ဂျာ လမ်းပြများကို ၎င်းတို့ လိုသည့်နေရာသို့ ရောက်လျှင် ပြန်လွှတ်လိုက်သောကြောင့် လုံခြုံရေး မပါဘဲ ပြန်လာရသည်။ ပြန်လာသည့် ခရီးတွင် AA တပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့မည်ကိုလည်း စိုးရိမ်ပြီး လာရသည်။ အတင်းအဓမ္မ ခေါ်ဆောင်သွားခံရသော်လည်း AA တပ်ဖွဲ့ဝင်များက စစ်တပ် သတင်းပေးဟု ထင်မြင်ပြီး ညအချိန်တွင် လာရောက် ဖမ်းဆီးမည်ကိုလည်း ကြောက်ရွံရသည်။ 

မေလ (၆) ရက်နေ့က ရသေ့တောင်မြို့နယ်၊ ဆင်ခုန်းတိုင်ကျေးရွာတာဝန်ခံ ဦးအာဘူတာဟဲရ် အပါအဝင် ရိုဟင်ဂျာ (၄) ဦးကို စစ်တပ် သတင်းပေးများဟု ဆိုကာ AA တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်၍ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ ရက်အနည်းငယ် အကြာတွင် နှစ်ဦးကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း ကျေးရွာတာဝန်ခံ ဦးအာဘူတာဟဲရ်နှင့် ၎င်း၏ ယောက်ဖဖြစ်သူ ဦးရှော်ဘိရ်အာမတ် တို့ကို ယခုအချိန်ထိ ပြန်လည် လွှတ်ပေးခြင်း မရှိသေးပေ။ ဒေသခံရခိုင်များက ၎င်းတို့နှစ်ဦးကို သတ်ပစ်လိုက်ပြီဟု ပြောဆိုနေကြသည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်းမှ ရိုဟင်ဂျာများလည်း ယခုကဲ့သို့ ဖြစ်ရပ်ဆိုးများနှင့် ကြုံတွေ့ရမည်ကို အထူးစိုးရိမ်နေကြသည်။ 

ညောင်ချောင်း အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်၏ လှုပ်ရှားမှုက ယခင်ကထက် ပိုများလာသည်။ 

စစ်သားများ ရွာထဲသို့ ဝင်ရောက်ပြီး ရိုဟင်ဂျာများကို ခေါ်ကာ “AA သောင်းကျန်းသူတွေကို တွေ့ဖူးလား၊ ထမင်းကျွေးဖူးလား၊ အကူအညီပေးခဲ့လား” စသည်ဖြင့် မေးမြန်းခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်သည်။ စစ်သားများ ထွက်သွားလျှင် AA တပ်ဖွဲ့ဝင်များ လာရောက်ပြီး စစ်သားများကို ထမင်းကျွေးသည်၊ သတင်းပေးသည်ဟု စွပ်စွဲ၍ ခြိမ်းခြောက်ခြင်းများ ပြုလုပ်သည်ဟု ဒေသခံများက ဆိုကြသည်။ အလုပ်ခွင်ကို သွားလျှင်လည်း မြေမြှပ်မှိုင်းများ ပေါက်ကွဲမည်၊ တပ်မက လက်နက်ကြီးနှင့် ပစ်ခတ်မည်ကို စိုးရိမ်၍ ယခင်လို သွားချင်တိုင်း သွား၍ မရဖြစ်နေကြသည်။

ဘူးသီးတောင်မြို့နယ် တောင်ပိုင်းမှ ရိုဟင်ဂျာအချို့သည် ၎င်းတို့၏ ကျေးရွာ၊ နေအိမ်များကို စွန့်ခွာပြီး အခြားကျေးရွာများသို့ ပြောင်းရွှေ့ ခိုလှုံနေရသည်။ ရခိုင်ရွာသားများလည်း ပြောင်းရွှေ့ခိုလှုံနေရပြီး၊ ၎င်းတို့အား ရခိုင်လူမှုအဖွဲ့အစည်းများက ထောက်ပံ့နေသော်လည်း ရိုဟင်ဂျာများကမူ ဒုက္ခပေါင်းစုံ ခံနေရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ