ဘူးသီးတောင်မြို့နယ် ဘုရားပြင်အောင်ပ ကျေးရွာအုပ်ချုပ်ရေးမှူးက ရွာသားတစ်ဦးကို မတရားစွပ်စွဲ၍ ငွေညှစ်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဘုရားပြင်အောင်ပကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီး က ရာအိမ်မှူးများနှင့် ပူးပေါင်း၍ ရွာသားတစ်ဦးကို အမျိုးသမီးတစ်ဦးနှင့် တရားမဝင်ပေါင်းသင်းနေသည်ဟု စွပ်စွဲ၍ ကြိုးတုတ်ဖမ်းဆီးပြီး ငွေညှစ်ခဲ့သည်။

ဇူလိုင်လ (၁၄) ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ဘုရားပြင်အောင်ပ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီးသည် ၎င်း၏ သတင်းပေးများဖြစ်ကြသည့် အောက်ဖော်ပြ ရာအိမ်မှူး (၅) ဦးကို အကွက် (၄) ရှိ ဦးဇော်ကိရ် (အသက် ၅၅ နှစ်) ထံ စေလွှတ်၍ နေအိမ်မှ ကြိုးတုတ်ဖမ်းဆီး၍ ၎င်း၏ နေအိမ်သို့ ခေါ်ဆောင်လာခိုင်းခဲ့သည်။ ရာအိမ်မှူးများကလည်း အုပ်ချုပ်ရေးမှူး၏ အမိန့်အတိုင်း ဦးဇော်ကိရ်ကို တိရစ္ဆာန်များကို ဆွဲသွားသည့် ပုံစံမျိုးဖြင့် ကြိုးတုတ်၍ ဖမ်းဆီးပြီး အုပ်ချုပ်ရေးမှူး၏ နေအိမ်သို့ ခေါ်ဆောင်လာခဲ့သည်။ 

အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးက ဦးဇော်ကိရ် ကို မုဆိုးမတစ်ဦးနှင့် တရားမဝင် ပေါင်းသင်းနေသည်ဟု လုပ်ကြံစွပ်စွဲ၍ ငွေကျပ် (၁၀) သိန်း တောင်းခံခဲ့သည်။ ဖမ်းဆီးခံရသူ ဦးဇော်ကိရ်က ၎င်းသည် အပြစ်မဲ့တစ်ဦး ဖြစ်သောကြောင့် ငွေပေးရန် ငြင်းဆန်သောအခါ ဦးမောင်ကြီးနှင့် ရာအိမ်မှူး (၅) ဦး တို့က ဝိုင်းဝန်း ထိုးကြိတ်၍ နယ်မြေစခန်း နယ်ခြားစောင့်ရဲများ ခေါ်လာပြီး အပ်နှံ၍ နှစ်ရှည်ထောင်ကျအောင် လုပ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ 

ဦးဇော်ကိရ်သည် အပြစ်မဲ့ဖြစ်သော်လည်း ငွေမပေးလျှင် ယုတ်မာရက်စက် ရိုက်နှက်၍ ထောင်ကျအောင် လုပ်မည်ကို စိုးရိမ်သောကြောင့် နောက်ဆုံးတွင် ငွေကျပ် (၇) သိန်း ပေးခဲ့ရသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ဦးမောင်ကြီးသည် ရာအိမ်မှူး (၅) ဦးနှင့် ပူးပေါင်း၍ အပြစ်မဲ့ ရွာသားများကို လုပ်ကြံ စွပ်စွဲ ညှဉ်းပန်းနှိပ်စက်၍ ငွေညှစ်လျက်ရှိသည်ဟု ဒေသခံများက ပြောပါသည်။ 

ဦးမောင်ကြီးနှင့် ပူးပေါင်း၍ ရွာသားများကို ညှဉ်းပန်းနှိပ်စက်ရာတွင် ပါဝင်သည့် ရွာသား (၅) ဦးမှာ --

(၁) ဦးမိုဟီဘူလ္လာ (အကွက် ၁ ရာအိမ်မှူး)

(၂) ဦးအာနိုဝါရ် (အကွက် ၄ ရာအိမ်မှူး)

(၃) ဦးနော်ဇီရ်အာမတ် (အကွက် ၇ ရာအိမ်မှူး)

(၄) ဦးရှာကဲရ် (အကွက် ၈ ရာအိမ်မှူး)

(၅) ဦးမာမတ်အာမီးန် (အကွက် ၉ ရာအိမ်မှူး) -- တို့ဖြစ်ကြသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ