တပ်မမှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အိမ်တစ်လုံး မီးလောင်ပြီး အမျိုးသမီးတစ်ဦး သေဆုံး
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်းတွင် စံဂိုးတောင်ကျေးရွာသို့ တပ်မမှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အိမ်တစ်လုံး မီးလောင်ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။ 

ဇူလိုင်လ (၃၀) ရက်နေ့ ညနေ ၅း၃၀ နာရီအချိန်တွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း စံဂိုးတောင်ကျေးရွာအုပ်စု၊ ဆင်သေပြင်မြောက်ရွာမှ ဒေါ်ကုမ်ဆူမာခါတူ (ဘ) ဦးအာဇီရော်မာန် (အသက် ၅၈ နှစ်) ၏ နေအိမ်သို့ တပ်မမှ ပစ်ခတ်သည့် လက်နက်ကြီး ထိမှန်ပြီး အိမ်မီးလောင်သွားသည့် အပြင် အိမ်ရှင်ဖြစ်သူ ဒေါ်ကုမ်ဆူမာခါတူလည်း မီးလောင်ပြီး သေဆုံးသွားခဲ့သည်။ တစ်ကိုယ်လုံး မီးလောင်သွားပြီး အရိုးများသာ ကျန်ခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

နေအိမ်သို့ လက်နက်ကြီး ထိမှန်သည့် အချိန်တွင် နေအိမ်တွင် ၎င်းတစ်ဦးတည်းသာ ကျန်ရှိနေပြီး၊ ကျန်သည့် မိသားစုဝင်များ အပြင်သို့ ရောက်ရှိနေခဲ့သည်။

ယင်းအိမ်သို့ လက်နက်ကြီး ထိမှန်ပြီးနောက် ဆင်သေပြင်မြောက်ရွာမှ ရွာသားများသည် ဆင်သေပြင်ရွာကြီးဘက်သို့ ပြောင်းရွှေ့ ခိုလှုံနေကြသည်။ 

အရိုးသာကျန်နေသည့် ရုပ်အလောင်းကိုလည်း ဆင်သေပြင်ရွာကြီးဘက်သို့ သယ်ဆောင်သွားကြသည်။ 

ဇူလိုင်လ (၃၀) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်းတွင် AA နှင့် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိခဲ့သော်လည်း တပ်မမှ အကြောင်းမဲ့ စံဂိုးတောင်ကျေးရွာအုပ်စုဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ်တစ်လုံး မီးလောင်သွားသည့်အပြင် အပြစ်မဲ့ဒေသခံတစ်ဦးလည်း အသက်ဆုံးရှုံးခဲ့ရသည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်းတွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာများ မကြာခဏ ထိခိုက်၊ အသက်ဆုံးရှုံးနေရသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ