မောင်တော သရက်အုပ်ကျေးရွာတွင် လက်သမား သားအဖနှစ်ဦးကို လုပ်အားခ ရှင်းမပေးသည့်အပြင် ရွာတာဝန်ခံနှင့် ပူးပေါင်း၍ ရိုက်နှက်
မောင်ဝံ့သ Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် သရက်အုပ်ကျေးရွာတွင် ရွာသားတစ်ဦး၏ အိမ်ကို ဆောက်လုပ်ပေးခဲ့သည့် လက်သမား သားအဖနှစ်ဦးကို လုပ်အားခ မပေးသည့်အပြင် ကျေးရွာအုပ်ချုပ်ရေးတာဝန်ခံနှင့် ပူးပေါင်း၍ ရိုက်နှက်ခဲ့သည်။

မောင်တောမြို့နယ် မြောက်ပိုင်း သရက်အုပ်ကျေးရွာမှ ဦးဘာဆဲရ် (ဘ) ဦးဟာမီဒူလ္လာ (အသက် ၃၅ နှစ်) သည် ဦးဟာမီဒူလ္လာ (အသက် ၅၅ နှစ်) နှင့် သားဖြစ်သူ ဦးအာဇီဇူလ္လာ (အသက် ၃၀ နှစ်) တို့ကို ၎င်း၏ အိမ်ဆောက်လုပ်ရန် လက်သမားများအဖြစ် ငှားရမ်းခဲ့သည်။ အိမ်ဆောက်လုပ်ပြီးသွားသော်လည်း လက်သမား သားအဖနှစ်ဦးကို လုပ်အားခငွေ ပေးချေခြင်း မရှိသောကြောင့် သားအဖနှစ်ဦးက အိမ်ရှင်ဖြစ်သူထံမှ အကြိမ်ကြိမ်တောင်းခံခဲ့သည်။ 

သို့သော်လည်း လုပ်အားခ မပေးသဖြင့် ကျေးရွာအုပ်ချုပ်ရေးတာဝန်ခံဖြစ်သူ ဦးနူရ်ဆော်လမ် ထံ တိုင်ကြားရာ ကျေးရွာတာဝန်ခံက ဇူလိုင်လ (၁၉) ရက်နေ့တွင် ပြဿနာဖြေရှင်းပေးရန် ဆင့်ခေါ်ခဲ့သည်။ လုပ်အားခ ရှင်းမပေးခဲ့သည့် ဦးဘာဆဲရ်နှင့် ၎င်းညီအစ်ကိုများဖြစ်သည့် ဦးအာဘုလ်ကာလာမ် (အသက် ၄၅ နှစ်) နှင့် နူရူ (အသက် ၂၅ နှစ်) တို့က လက်သမား သားအဖနှစ်ဦးကို ကျေးရွာတာဝန်ခံ ရှေ့မှောက်တွင်ပင် လူမဆန်စွာ ရိုက်နှက်ခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ဦးဘာဆဲရ် ဆိုသူသည် ယခင် ကျဘန်း အလုပ်သမားတစ်ဦး ဖြစ်ခဲ့သော်လည်း ယခုအခါ မူးယစ်ဆေးဝါး လုပ်ငန်း လုပ်ကိုင်နေသောကြောင့် ငွေကြေးချမ်းသာလာသည့် အပြင် အာဏာပိုင်များနှင့်လည်း နီးစပ်လာသဖြင့် ရွာသားများကို ငွေကြေး အင်အားပြ၍ အနိုင်ကျင့်နေသူ ဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။ 

ဦးဘာဆဲရ်က လက်သမား သားအဖနှစ်ဦးနှင့် ပတ်သက်၍ ငါးရခူ နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းသို့ မဟုတ်မမှန် လီဆယ်၍ တိုင်ကြားထားသောကြောင့် လက်သမားနှစ်ဦးကို နယ်ခြားစောင့်ရဲများက ဖမ်းဆီးရန် ရှာဖွေနေကြောင်း သိရသည်။ သားအဖနှစ်ဦးစလုံးသည် ရိုးသားစွာ အသက်မွေးဝမ်းကြောင်း ပြုနေသူများ ဖြစ်ကြသည်။ 

မောင်တောခရိုင်တွင် မူးယစ်ဆေးဝါးလုပ်ငန်းကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်လျက်ရှိပြီး၊ မူးယစ်ဆေးဝါး လုပ်ငန်း လုပ်ကိုင်သူများသည် အာဏာပိုင်များနှင့် အစုရှယ်ယာလုပ်ကိုင်သူများ ဖြစ်သောကြောင့် အာဏာပါဝါ ကြီးထွားလာသူများ ဖြစ်လာပြီး ထင်တိုင်းကြဲ အနိုင်ကျင့်ခြင်းများ ပြုလုပ်ခြင်းကြောင့် ရိုးသားစွာ လုပ်ကိုင်စားသောက်နေသူများ ဒုက္ခရောက်နေရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ