စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဘူးသီးတောင်မှ ရိုဟင်ဂျာကလေးတစ်ဦး ကျည်ဆံထိမှန်ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်းတွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် စံဂိုးတောင်ကျေးရွာအုပ်စု၊ ဆင်သေပြင်ကျေးရွာမှ အသက် (၁၂) နှစ်အရွယ် ကလေးတစ်ဦး ကျည်ဆံထိမှန်ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။ 

ယနေ့ ဇူလိုင်လ (၂၈) ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ စံဂိုးတောင်ကျေးရွာအုပ်စု၊ သျှစ်သျှာတောင်ကျေးရွာ (သုံးဆယ်တစ်ပုံစေတီရှိသည့်ရွာ) မှ အင်အား ၂၀၀ ခန့်ရှိသည့် စစ်သားတစ်စုသည် စံဂိုးတောင်ကျေးရွာအုပ်စု၊ ဥယျာဉ်သာကျေးရွာဘက်ကသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တောက်လျှောက် ပစ်ခတ်၍ ဥယျာဉ်သာကျေးရွာသို့ ဝင်လာခဲ့သည်။ 

စစ်သားများ ပစ်ခတ်ခဲ့သည့် ကျည်ဆံများသည် ဥယျာဉ်သာကျေးရွာနှင့် ကပ်လျက်ရှိသော စံဂိုးတောင်ကျေးရွာအုပ်စု၊ ဆင်သေပြင်ကျေးရွာ အရှေ့ပိုင်းသို့ ကျရောက်ခဲ့သည်။ နံနက် ၈း၂၀ နာရီတွင် ဆင်သေပြင်ကျေးရွာမှ ဦးနူရူဇာမာ၏ နေအိမ်တွင်းသို့ ကျည်ဆံများ ကျရောက်ပြီး ၎င်း၏သားဖြစ်သူ အသက် (၁၂) နှစ်အရွယ် အာနိုဝါရ်ဆာဒဲခ်၏ ညာဘက်ဝမ်းဗိုက်ကို ထိမှန်ခဲ့သည်။ 

“ကျည်ဆံတစ်တောင့်က ဗိုက်ထဲကိုဝင်ပြီး နောက်ဖက်ကနေ ဖောက်ထွက်သွားတယ်။ နောက်တစ်တောင့်က ဗိုက်ထဲမှာ ကျန်နေတယ်။ ဒဏ်ရာပြင်းတော့ သွေးထွက်များပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်နေတယ်” ဟု ဒေသခံတစ်ဦးက Rohingya Today သို့ပြောသည်။ 

ကျေးရွာတာဝန်ခံက စစ်ကြောင်းမှူးထံ ဖုန်းဆက် အကြောင်းကြောင်းရာ စစ်ကြောင်းမှူးက ဘူးသီးတောင် ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသရန် ညွန်ကြားခဲ့သည်။ 

မိုးရာသီတွင် လမ်းမကောင်းခြင်းနှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေခြင်းတို့ကြောင့် စံဂိုးတောင်ကျေးရွာအုပ်စုဘက်သို့ ကားများ၊ CNG များ လာရောက်ခြင်း မရှိသဖြင့် လူနာကို ထမ်း၍ တစ်နာရီကျော်ကျော် လမ်းလျှောက်ကာ ဖုံညိုလိပ်ကျေးရွာသို့ သယ်ဆောင်သွားခဲ့ရသည်။ ဖုံညိုလိပ်ကျေးရွာမှ CNG သုံးဘီးကားဖြင့် ဘူးသီးတောင်ဆေးရုံသို့ ခေါ်ဆောင်သွားရာ နံနက် ၁၁ နာရီကျော် အချိန်တွင် ဆေးရုံသို့ ရောက်ရှိပြီး ဆေးကုသမှု ခံယူလျက်ရှိသည်။ 

ဇူလိုင်လ (၂၂) ရက်နေ့ ညနေပိုင်းကလည်း ဥယျာဉ်သာကျေးရွာတွင် စစ်တပ်နှင့် AA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ကျည်ဆံများသည် ဆင်သေပြင်ကျေးရွာသို့ ကျရောက်ပြီး ဦးဆူးလေးအာမတ်၏ သား အသက် (၁၃) နှစ်အရွယ် ဒိလ်မာမတ် ၏ ညာဘက်လက်မောင်းကို ထိမှန်ခဲ့သည်။ စစ်ကြောင်းမှူးက ၎င်းတို့၏ ဆေးမှူးအား ဆေးကုသပေးရန် ပြောမည် ပြောသော်လည်း အမှန်တကယ် ကုသပေးခြင်း မရှိသောကြောင့် ညပိုင်းတွင် ရမ်းကုက ကုသပေးခဲ့ရပြီး၊ နောက်နေ့ နံနက်ပိုင်းတွင် ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူနေရသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ