ဘူးသီးတောင် ဦးလှဖေကျေးရွာကို ဝန်းရံစစ်ဆေးစဉ် ဖမ်းဆီးခဲ့သူနှစ်ဦးကို တစ်လခန့်အကြာ ချုပ်နှောင်ထားပြီး ပြန်လွှတ်ပေး
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဦးလှဖေကျေးရွာကို စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က ဇွန်လ (၂၇) ရက်နေ့တွင် ဝန်းရံစစ်ဆေးစဉ် အပြစ်မဲ့ ရိုဟင်ဂျာနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ တစ်လခန့် အကြာ ချုပ်နှောင်ထားပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။ 

ဇွန်လ (၂၇) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ ဦးလှဖေကျေးရွာကို စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က ဝန်းရံစစ်ဆေးခဲ့သည်။ စစ်ဆေးစဉ် ဦးလှဖေကျေးရွာကို ဖြတ်သန်း၍ ဘူးသီးတောင်မြို့ပေါ်သို့ သွားနေသည့် အတွင်းငှက်သေကျေးရွာတွင် ယာယီပြောင်းရွှေ့ နေထိုင်နေသူ ဝရကျွန်းသား နာဆဲရ် (ဘ) ဦးအဒူရှကူရ်ကို ဖမ်းဆီးခဲ့သည်။ 

ထို့အပြင် ဦးလှဖေကျေးရွာမှ ယာစီးန်အုလ္လာ (ဘ) ဦးကာလာမျာ (အသက် ၂၄ နှစ်) အပါအဝင် (၇) ဦးကိုလည်း ဖမ်းဆီးခဲ့သည်။ ယင်းနေ့ ညနေပိုင်းတွင် (၆) ဦးထံမှ ငွေကျပ် နှစ်သိန်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သော်လည်း ဝရကျွန်းသား နာဆဲရ်နှင့် ဦးလှဖေကျေးရွာမှ ယာစီးန်အုလ္လာ တို့ကို တပ်ရင်း (၅၅၁) သို့ ခေါ်ဆောင်သွားပြီး ချုပ်နှောင်ထားခဲ့သည်။ ၎င်းတို့ နှစ်ဦးစလုံးကို လေးရက်တိုင်တိုင် ညှဉ်းပန်းနှိပ်စက်၍ စစ်ဆေးခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

၎င်းတို့နှစ်ဦးအား ပြန်လည် လွှတ်ပေးမည်ဟု ဆိုကာ ငွေကျပ် တစ်သိန်းစီလည်း ညှစ်ယူခဲ့သည်ဟု ဒေသခံများက ပြောပါသည်။ ငွေညှစ်ပြီးနောက် ပြန်လည် မလွှတ်ပေးဘဲ၊ တစ်လခန့်ကြာပြီးမှ ဇူလိုင်လ (၂၅) ရက်နေ့တွင် ပြန်လည် လွှတ်ပေးခဲ့သည်။ ၎င်းတို့နှစ်ဦးစလုံးတွင် အပြစ်တစ်စုံတစ်ရာ မရှိသော်လည်း ဖမ်းဆီးချုပ်နှောင်၍ ညှဉ်းပန်းနှိပ်စက်၍ တစ်လခန့်ကြာ ချုပ်နှောင်ထားခြင်းသည် မတရားသဖြင့် ညှဉ်းပန်းနှိပ်စက်ခြင်းသာ ဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ