စစ်တွေ သက္ကေပြင် ဒုက္ခသည်စခန်းသို့ အမေရိကန် သံရုံးမှ အဖွဲ့တစ်ဖွဲ့ လာရောက်၍ ဒုက္ခသည်များနှင့် တွေ့ဆုံဆွေးနွေး
အောင်ဇံဝေ Rohingya Today

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ သက္ကေပြင် ဒုက္ခသည်စခန်းသို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး ဒုက္ခသည်ခေါင်းဆောင် အချို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

စစ်တွေမြို့၊ သက္ကေပြင် ဒုက္ခသည်စခန်းသို့ အမေရိကန်နိုင်ငံ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Richard Albright နှင့် သံအမတ်ကြီး Scot Marciel တို့အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ၆-ဦး ပါဝင်သည့် အဖွ့ဲတစ်ဖွ့ဲသည် နိုဝင်ဘာလ (၇) ရက်နေ့ နေ့လည် ၃း၀၀ အချိန်တွင် ရောက်ရှိလာပြီး စခန်းထဲရှိ စာသင်ကျောင်း တစ်ကျောင်းတွင် ရိုဟင်ဂျာဒုက္ခသည် ခေါင်းဆောင် ၁၀-ဦးနှင့် သီးသန်းတွေ့ဆုံဆွေးနွေးခဲ့ပြီး နေ့လည် ၄း၀၀ အချိန်တွင် ပြန်လည်ထွက်ခွာသွားကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။

ဆွေးနွေးပွဲ အစတွင် သံအမတ်ကြီး Scot Marciel က အဖွဲ့ဝင်များနှင့် မိတ်ဆက်ပေးပြီး၊ “ကျွန်တော်တို့က ဒီက အခြေအနေတွေနဲ့ ပတ်သက်ပြီး တော်တော်များများ သိရှိထားပြီးပြီ၊ ဒီက စခန်းတွေကို နိုင်ငံတကာက လူတွေ လာကြည့်ပြီး ပြန်သွားကြတယ်၊ ဒါပေမယ့် ရလာဒ်ကောင်းတစ်ခုမှ ရတာ မတွေ့ရသေးဘူး၊ ဒုက္ခသည်တွေ စိတ်ဓါတ်ကျနေမှာကိုလည်း နားလည်ပေးနိုင်တယ်၊ ဒါပေမယ့် ကျွန်တော်တို့က ဒီကဒုက္ခသည်တွေရဲ့ အခြေအနေ ကောင်းမွန် တိုးတက်လာအောင် အတတ်နိုင်ဆုံး ကြိုးစားနေတာကြောင့် အခုလို ဒုက္ခသည်များရဲ့ ခံစားချက်တွေနဲ့ ရင်ဖွင့်စကားတွေကို နားထောင်နိုင်ဖို့ လာရောက်တွေ့ဆုံခြင်း ဖြစ်တယ်” ဟု ဆိုသည်။

ထို့နောက် စခန်းများ ပိတ်တော့မည့် အခြေအနေနှင့် ပတ်သက်ပြီး အစိုးရနှင့် ဒုက္ခသည်များကြား ဆွေးနွေးခဲ့ခြင်း ရှိ/မရှိ ကို သံအမတ်ကြီးက မေးမြန်းရာ ဒုက္ခသည်များဘက်မှ စခန်းကော်မတီဝင်တစ်ဦးက “အဲဒါနဲ့ ပတ်သက်ပြီး အစိုးရက ကျွန်တော်တို့နဲ့ နှစ်ကြိမ် ဆွေးနွေးခဲ့တယ်။ ပထမတစ်ကြိမ် သူတို့က အဲဒါနဲ့ ပတ်သက်ပြီး မေးလာတယ်။ ကျွန်တော်တို့က ဒီတိုင်းချက်ချင်း ဆုံးဖြတ်ချက်ပေးဖို့ ခက်တယ်၊ စခန်းမှာရှိတဲ့ လူအားလုံးရဲ့ ဆန္ဒကို သိပြီးမှ ပြောပါမယ်လို့ ပြောလိုက်တယ်။ လူတွေကို မေးတော့ စခန်းပိတ်တော့မယ်ဆိုတော့ ပျော်ကြတယ်။ ဒါပေမယ့် စခန်းပိတ်ရင် ကျွန်တော်တို့ကို ကျွန်တော်တို့ရဲ့ မူလနေရာမှာ နေရာပြန်ချပေးတာမျိုး မဟုတ်ဘဲ ဒီမှာပဲ အိမ်တွေ ဆောက်ပေးမယ် ပြောတာ ကြားနေတယ်၊ အဲဒါတော့ လုံး၀ လက်မခံနိုင်ပါဘူး၊ အဲဒါကြောင့် ဒုတိယအကြိမ် ဆွေးနွေးပွဲမှာ လူတွေရဲ့ ဆန္ဒကို ပြောပြတော့ အထက်လူကြီးကို တင်ပြပါမယ်ဆိုပြီး ပြောသွားတယ်” ဟု ဖြေကြားခဲ့သည်။

ကျန်းမာရေးနှင့် ပတ်သက်၍ “ကျွန်တော်တို့ ဒီမှာ ဆရာဝန်တွေ လုံလုံလောက်လောက် မရှိဘူး၊ ကျန်းမာရေး စောင့်ရှောက်မှုလည်း မလုံလောက်ဘူး၊ ဆေးရုံ တက်ခွင့်လည်း မရှိဘူး၊ ရှိတဲ့ mobile clinic ရွှေ့ပြောင်း ဆေးခန်းတွေကိုလည်း ဆရာဝန်တွေ ပုံမှန်မလာဘူး၊ လူနာတစ်ယောက် အရမ်းကို အသည်းအသန် ဖြစ်လာရင် အဆင့်ဆင့် လွှဲပြောင်းပေးလို့ ဆေးရုံတက်ခွင့် ရရင်လည်း လူနာစောင့်အနေနဲ့ တစ်ယောက်ကိုပဲ အတူ နေခွင့်ပေးတယ်၊ ဆေးရုံထဲမှာ ဖုန်းသုံးခွင့် မပေးဘူး၊ ဒုက္ခသည်စခန်းက ရိုဟင်ဂျာလူနာတွေဆိုရင် ဆေးရုံမှာရှိတဲ့ အကျဉ်းသားတွေကို ထားတဲ့ အခန်းမှာပဲထားတယ်၊ အဲဒီမှာ ဆေးကုသမှု ပုံမှန်မပေးလို့ ဆုံးသွားတာတွေလည်း ရှိတယ်” ဟု ဖြေကြားခဲ့သည်။

ဒုက္ခသည်များကို ကိုယ်စားပြုသူများက အဓိကလိုအပ်ချက်များ ဖြစ်သည့် နိုင်ငံသား ပြန်လည်ဖြစ်ခွင့်၊ လွတ်လပ်စွာသွားလာခွင့်၊ အလုပ်အကိုင် အခွင့်အလမ်း၊ လွတ်လပ်စွာ ပညာသင်ယူလေ့လာဆည်းပူးခွင့်၊ ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ ရရှိခြင်းနှင့် မူလနေရာတွင် ပြန်လည်နေရာချထားပေးခြင်းများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပြောဆို ဆွေးနွေးခြင်း မရှိဘဲ ဒုက္ခသည်စခန်းများကို ပိတ်ပြီး ဤနေရာတွင် လုံးချင်းအိမ်များ ဆောက်ပေးမည်ဟု အကြိမ်ကြိမ်ပြောနေခြင်းများသည် ဒုက္ခသည်ဘဝတွင်သာ ထားရှိရန် ရည်ရွယ်ချက်ခြင်း ပြောဆိုနေခြင်းဖြစ်သည်ဟု ရှင်းပြသည်။ လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်က မိမိတို့၏ နေအိမ်များနှင့် ဥစ္စာပစ္စည်းများကို မီးရှို့ဖျက်ဆီးပြီး ဒုက္ခသည်စခန်းများ တည်ဆောက်၍ ဒုက္ခသည်ဘဝသို့ တွန်းပို့ ထားသည်မှာ ၆ နှစ်ကျော်နေပြီ ဖြစ်သော်လည်း အခြေအနေက မည်သို့မျှ ပြောင်းလဲ ကောင်းမွန်လာခြင်း မရှိဘဲ ပိုဆိုးလာနေသည်ဟု ဒုက္ခသည်များက တင်ပြသည်။

“ကျွန်တော်တို့ လူကြီးတွေကတော့ နောက် အများဆုံး ၁၀ နှစ်၊ ၁၅ နှစ်လောက်ဆိုရင် သေကုန်ကြမှာဘဲ၊ အဲဒါကြောင့် ကျွန်တော်တို့ရဲ့ ကလေးတွေ၊ လူငယ်တွေရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး တော်တော့်ကို စိုးရိမ်နေရတယ်။ ဥပမာ အခု ဒုက္ခသည်စခန်းက ကလေးတွေဆို သူတို့ရဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံ အရပေါ့နော်၊ လူဖြစ်လာရင် အလုပ်လုပ်စရာမလိုဘူး၊ အလှူရှင်တွေဆီက ရတဲ့ ရိက္ခာ အစားအသောက်တွေနဲ့သာ အသက်ရှင်ကြတာ၊ ပညာသင်ယူစရာမလိုဘူး၊ ရိုဟင်ဂျာဆိုရင် အခြားလူမျိုးတွေနဲ့ ပေါင်းသင်းဆက်ဆံ ထိတွေ့ခွင့်မရှိတဲ့ လူမျိုးတစ်မျိုးဖြစ်လို့ သီးသန့်နေရတယ် စတဲ့ မျှော်လင့်ချက် ကင်းမဲ့တဲ့ အရှုံးပေးစိတ်၊ အညံ့ခံစိတ်တွေ သူတို့မှာ ဝင်နေကြတယ်၊ သူတို့ကြီးလာရင် လူမျိုးပေါင်းစုံနဲ့ ရောနှော ပေါင်းသင်းပြီး ရယူသင့်တဲ့ လူမှုဆက်ဆံရေး ဆိုင်ရာ အသိပညာ ဗဟုသုတတွေ မရှိရင် သူတို့ဘ၀ ဘယ်လိုဖြစ်မလဲ စတဲ့အချက်တွေကို စဉ်းစားရင်းနဲ့ ကျွန်တော်တို့ရဲ့ စိုးရိမ်ပူပန်မှု၊ စိတ်ဖိစီးမှုတွေ တစ်ရက်ထက်တစ်ရက် များလာနေတယ်” ဟု ကော်မတီဝင်တစ်ဦးက ရင်ဖွင့်သည်။

ဆက်လက်၍ ရိုဟင်ဂျာများ စက်လှေများဖြင့် မလေးရှားနိုင်ငံသို့ ထွက်ခွာသွားနေခြင်းနှင့် ပတ်သက်၍ “ဒီလ ပထမအပတ်မှာပဲ မလေးရှားသွားဖို့ စက်လှေ ၃ စီးနဲ့ ရိုဟင်ဂျာ ၂၀၀ ကျော် ထွက်သွားတယ်၊ သူတို့က အခုထိ ရေထဲမှာပဲ၊ ဒီမှာ အခြားလူတွေလည်း သွားဖို့ ပြင်နေကြတယ်၊ အာဏာပိုင်တွေနဲ့ ပွဲစားတွေ ပူးပေါင်းပြီး လာဘ်စားတယ်၊ လူတွေကလည်း နှစ်ပေါင်းများစွာ ပိတ်မိနေတာကနေ လွတ်မြောက်ချင်ကြတယ်၊ အစိုးရကိုယ်တိုင် လမ်းဖွင့်ပေးထားတော့ ပွဲစားတွေကလည်း လူတွေကို မက်လုံးအမျိုးမျိုးပေးပြီး ပေါ်ပေါ်တင်တင် စည်းရုံး စုဆောင်းကြတယ်၊ ဒီအတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင် ဒီမှာ ရိုဟင်ဂျာဆိုတာ ကျန်တော့မှာ မဟုတ်ဘူး။ ဖြစ်နိုင်ရင် သံအမတ်ကြီးတို့အနေနဲ့ မြန်မာအစိုးရနဲ့ ပူးပေါင်းပြီး ဒီကိစ္စကို ဟန့်တားပေးပါ” ဟု ဒုက္ခသည် ကိုယ်စားလှယ်တစ်ဦးက တင်ပြခဲ့သည်။

သံအမတ်ကြီးက “ခင်ဗျားတို့ရဲ့ ပြောဆိုဆွေးနွေးချက်တွေကို အကုန်မှတ်ထားပါတယ်၊ အစိုးရဘက်က အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်လို့ အကြိမ်ကြိမ် ပြောနေပေမယ့် ပကတိ အခြေအနေမှန်ကို သိရှိပြီး လာမယ့် နိုဝင်ဘာလ (၁၁) ရက်နေ့မှာ အစိုးရနဲ့ တွေ့ဆုံပွဲမှာ ဆွေးနွေးလို့ရအောင် ခင်ဗျားတို့နဲ့ အခုလို လာရောက်ဆွေးနွေးတာ ဖြစ်ပါတယ်၊ ကျွန်တော်တို့ နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာအစိုးရကို အတင်းလုပ်ခိုင်းလို့ မရပေမယ့် ဖိအားတွေ ပေးလို့ရတယ်၊ ဒါက ကောင်းတယ် မကောင်းဘူးဆိုပြီး ဝေဖန် သုံးသပ်ပြီး အကြံဉာဏ်ပေးလို့ရတယ်၊ ပေးတဲ့ဖိအားတွေကလည်း ထိရောက်နေတာ တွေ့ရတယ်၊ လာမယ့် တွေ့ဆုံပွဲမှာလည်း ဒါတွေကို ပြောပြမယ်၊ ရှင်းပြမယ်၊ လိုက်နာဆောင်ရွက်ခြင်း မရှိရင် ဒီထက်မက ဖိအားတွေ လာနိုင်တဲ့အကြောင်းနဲ့ အစိုးရရဲ့ လက်ရှိမူဝါဒကို မပြောင်းလဲဘူးဆိုရင် သူတို့အတွက် နစ်နာဆုံးရှုံးမှုတစ်ခု ဖြစ်လာနိုင်တဲ့အကြောင်း ကြိုတင်ရှင်းပြပါမယ်” ဟု နိဂုံးအနေနှင့် ပြောဆိုခဲ့သည်။

ဒုက္ခသည် ကိုယ်စားလှယ်များက သံအမတ်ကြီးမှ အမှန်တရားကိုလိုလားပြီး ပြတ်ပြတ်သားသား ပြောဆိုသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ အမေရိကန်နိုင်ငံသည် သြဇာလွှမ်းမိုးမှုရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အတွက် ယခုပြဿနာကို အမြန်ဆုံး ဖြေရှင်းပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ