ဘူးသီးတောင်၌ အစိုးရတပ်နှင့် AA တို့၏ တိုက်ပွဲကြောင့် ရိုဟင်ဂျာ (၃) ဦးနှင့် ရခိုင် (၁) ဦး ဒဏ်ရာရ
ကျော်စိုး Rohingya Today

 

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ညောင်ချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းကို AA တပ်ဖွဲ့ဝင်များက တိုက်ခိုက်ပြီးနောက် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ရိုဟင်ဂျာ (၃) ဦးနှင့် ရခိုင် (၁) ဒဏ်ရာရရှိခဲ့သည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းကို ယနေ့ ဇူလိုင်လ (၂၆) ရက်နေ့ နံနက် ၄ နာရီအချိန်တွင် AA တပ်ဖွဲ့ဝင်များက စခန်း၏ အနောက်ဘက်၊ တောင်ဘက်နှင့် အရှေ့တောင်ဘက်တို့မှ ဝန်းရံတိုက်ခိုက်ခဲ့သည်။ AA တပ်ဖွဲ့ဝင်များသည် အနောက်ဘက်မှ ညောင်ချောင်း အထက်တန်းကျောင်းကို အကာအကွယ်ယူပြီး တိုက်ခိုက်ခဲ့ရာ နယ်မြေစခန်းမှ စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ပြန်လှန် ပစ်ခတ်သဖြင့် ကျောင်း၏ ခေါင်မိုးကို ကျည်ဆံထိမှန်ပြီး ပျက်စီးသွားခဲ့သည်။ 

AA တပ်ဖွဲ့ဝင်များက တောင်ကုန်းနှင့် ရွာကို အကာအကွယ်ကို ဆက်လက်တိုက်ခိုက်ခဲ့သည်။ နယ်မြေစခန်းမှ စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ဆက်လက်၍ ပြန်လှန်ပစ်ခတ်ရာ ကျည်ဆံများသည် နယ်မြေစခန်း၏ တောင်ဘက် မိုင်ဝက်သာဝေးသော သိမ်တောင်ပြင်ကျေးရွာအုပ်စု ဆေးသမားရွာသို့ ကျည်ဆံများ ကျရောက်ပြီး အိမ်ထဲတွင် အိပ်နေသည့် ရိုဟင်ဂျာမိန်းကလေးတစ်ဦး၏ ညာဘက်ပေါင်တွင် ကျည်ဆံထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသွားသည့် မိန်းကလေးမှာ ဦးအီနုစ်၏ သမီး ဆားဘဲကုန်နာရ် (အသက် ၁၄ နှစ်) ဖြစ်သည်။ ကျည်ဆံများ အဆက်မပြတ်ကျရောက်မှုကြောင့် အိမ်ခေါင်မိုးများ ပျက်စီးသွားသည်ဟု ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

နံနက် ၆ နာရီအချိန်တွင် AA တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားခဲ့သော်လည်း တပ်မနှင့် တပ်ရင်း ၅၅၁ တို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နံနက် ၆း၃၀ နာရီတွင် အထက်ကျွဲကြိုမော်ကျေးရွာအုပ်စု ကာဒီရွာမှ ဦးမာမတ်ဟူဆောင်း (ဘ) ဦးဘော်ဒီယိုရာမာန်၏ နေအိမ်ကို လက်နက်ကြီး ထိမှန်ပြီး မီးလောင်သွားခဲ့သည်။ ထို့အပြင် ဦးမာမတ်ဟူဆောင်း၏ အသက် (၇၀) နှစ် အရွယ် မိခင်နှင့် အသက် (၁၈) နှစ် အရွယ် သမီးဖြစ်သူ ယာစ်မီးန်သာရာ တို့နှစ်ဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ ယာစ်မီးန်သာရာ၏ အခြေအနေမှာ စိုးရိမ်ရသည်ဟု ဒေသခံများက ပြောသည်။ 

အထက်ကျွဲကြိုမော်ကျေးရွာအုပ်စု ရခိုင်ရွာမှ ရခိုင်အမျိုးသားတစ်ဦးလည်း ကျည်ဆံထိမှန်ပြီး ဒဏ်ရာရရှိသွားကြောင်း သိရသည်။ 

ညောင်ချောင်း နယ်မြေ တာဝန်ကျ ကျန်းမာရေးမှူးက ဘူးသီးတောင်ဆေးရုံးသို့ အကြောင်းကြားပြီးနောက် နံနက် ၉ နာရီအချိန်တွင် ဘူးသီးတောင်ဆေးရုံမှ လူနာတင်ကားရောက်ရှိလာပြီး လူနာများကို ဘူးသီးတောင် ဆေးရုံသို့ ခေါ်ဆောင် သွားခဲ့သည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ