ဘူးသီးတောင် ဘုရားပြင်အောင်ပ ကျေးရွာအုပ်ချုပ်ရေးမှူးက အာဏာအလွဲသုံးစားပြုလုပ်၍ ရိုဟင်ဂျာအမျိုးသမီးများကို သားမယားပြုကျင့်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဘုရားပြင်အောင်ပကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးသည် ရရှိထားသည့် အာဏာကို အလွဲသုံးစားပြုလုပ်၍ ၎င်းအုပ်ချုပ်နေသည့် ကျေးရွာအုပ်စုရှိ ဆင်းရဲသား ရိုဟင်ဂျာအမျိုးသမီးများကို ခြိမ်းခြောက်၍ သားမယားပြုကျင့်လျက်ရှိသည်။ 

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီးသည် အကွက် (၂) မှ ရာအိမ်မှူး မာမတ်ရှော်ဖီနှင့် ပူးပေါင်း၍ ဆင်းရဲသား ရိုဟင်ဂျာအမျိုးသမီးများကို ခြိမ်းခြောက်၍သော်လည်းကောင်း၊ ငွေကြေးမက်လုံးပေး၍သော်လည်းကောင်း ကာမဆက်ဆံလျက်ရှိသည်။ အမျိုးသမီးများက သဘောမတူပါက အကွက်ဆင် ဖမ်းဆီး၍ ထောင်ကျအောင်လုပ်မည်ဟု ခြိမ်းခြောက်လေ့ရှိသည်။ 

ဦးမောင်ကြီး၏ ဇနီးဖြစ်သူသည် ဆီးချို၊ သွေးချို ဝေဒနာသည်ဖြစ်၍ စစ်တွေ၊ ရန်ကုန် စသည့်မြို့များသို့ မကြာခဏ သွားရောက်၍ ဆေးကုသမှုခံလျက်ရှိသည်။ အိမ်တွင် ဇနီးသည်ဖြစ်သူ မရှိသည်ကို အခွင့်ကောင်းယူ၍ ရာအိမ်မှူး မာမတ်ရှော်ဖီကို အမျိုးသမီးများ စီစဉ်ခိုင်းပြီး ၎င်း၏အိမ်သို့ ခေါ်လာ၍သော်လည်းကောင်း၊ အမျိုးသမီးများ၏ နေအိမ်သို့ ကိုယ်တိုင်သွား၍သော်လည်းကောင်း ကာမဆက်ဆံလျက်ရှိသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ဦးမောင်ကြီးသည် အကွက် (၂) မှ နေ့စားအလုပ်သမားတစ်ဦးဖြစ်သူ၏ သမီးပျို မ --- ဘေဂမ် ကို လွန်ခဲ့သည့်နှစ်ကတည်းက ခြိမ်းခြောက်၍ ကာမဆက်ဆံလျက်ရှိသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ရွာသားများက သိရှိသော်လည်း ဦးမောင်ကြီးက မတရားသဖြင့် ထောင်ကျအောင် ပြုလုပ်မည်ကို ကြောက်ရွံ၍ မည်သူကမှ ပြောဆိုရဲခြင်း မရှိခဲ့ပေ။

မ --- ဘေဂမ်သည် ဦးမောင်ကြီးနှင့် ရရှိသည့် ကိုယ်ဝန်ကို ဇူလိုင်လ ဒုတိယပတ်တွင် မွေးဖွားခဲ့သည်။ ကလေးမွေးဖွားပြီး တစ်ပတ်အကြာ၊ တတိယပတ်တွင် ဦးမောင်ကြီးသည် ရာအိမ်မှူး မာမတ်ရှော်ဖီကို ခေါ်၍ မ --- ဘေဂမ် ထံသွားရောက်၍ အကွက် (၂) မှ ဦးအဒူရှကူရ်၏ သား အာန်ဆာရ်အုလ္လာနှင့် ရရှိခဲ့သည့် ကိုယ်ဝန်ဖြစ်သည်ဟု ထွက်ဆိုရန် ခြိမ်းခြောက်၍ သင်ပေးခဲ့သည်။ 

ထို့နောက် ဦးမောင်ကြီးသည် အာန်ဆာရ်အုလ္လာ ကို ၎င်း၏ အိမ်သို့ ဆင့်ခေါ်ပြီး “မ --- ဘေဂမ် မွေးဖွားခဲ့တဲ့ ကလေးက မင်းနဲ့ ရခဲ့တဲ့ကလေး ဖြစ်တယ်” ဟု လုပ်ကြံစွပ်စွဲ၍ ထောင်ကျမည်ဟု ခြိမ်းခြောက်ကာ ငွေကျပ် ၁၂ သိန်း ညှစ်ယူခဲ့သည်။ 

ယင်းနေ့တွင်ပင် ဦးမောင်ကြီးက အကွက် (၂) မှ အဒူရော်ကီးမ် ဆိုသည့် လူငယ်ကို ဆင့်ခေါ်၍ မ --- ဘေဂမ်နှင့် တရားမဝင်ပေါင်းသင်းပြီး ကလေးမွေးခဲ့သည်ဟု လုပ်ကြံစွပ်စွဲ၍ ခြိမ်းခြောက်ပြီး ငွေကျပ် ၃ သိန်း ညှစ်ယူခဲ့သည်။ နောက်နေ့တွင် အခြား လူငယ်နှစ်ဦးကိုလည်း ထိုကဲ့သို့ လုပ်ကြံစွပ်စွဲပြီး ခြိမ်းခြောက်၍ ငွေညှစ်ခဲ့သည်။ 

ဦးမောင်ကြီး၏ ယောက်ဖ ဖြစ်သူ ကိုလှ (အသက် ၄၅ နှစ်) ကလည်း အကွက် (၁) မှ ရာအိမ်မှူး မူဟိဖ်ဘူလ္လာ နှင့် အကွက် (၂) ရာအိမ်မှူး မာမတ်ရှော်ဖီ တို့ကို ရိုဟင်ဂျာအမျိုးသမီးများ ခေါ်လာခိုင်းပြီး ကာမဆက်ဆံသည်ဟု ဒေသခံများက ပြောသည်။ ကိုလှ သည် ရခိုင်ရွာတွင် မနေဘဲ အဆိုပါ ရာအိမ်မှူးများ၏ နေအိမ်များတွင်သာ ညအိပ်လေ့ရှိပြီး ရာအိမ်မှူးများနှင့်အတူ တစ်ညလုံး ရွာပတ်ကာ တစ်အိမ်ဝင် တစ်အိမ်ထွက် လုပ်ေ့လ့ရှိသည်။ ရွာသားများက ဥပဒေက ရိုဟင်ဂျာများကို ကာကွယ်မပေးသောကြောင့် ကြောက်ရွံပြီး နှုတ်ဆိတ်နေရသည်ဟု ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ