မောင်တော ဘင်္ဂလားဒေ့ရှ်ကျောင်းတိုက်မှ ကျောင်းဒကာတစ်ဦးက နွားမငယ်တစ်ကောင်ကို ဓါးဖြင့်ခုတ်
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မကညင်တန်းကျေးရွာ အရှေ့ဘက်ရှိ ဘင်္ဂလားဒေ့ရှ်ကျောင်းတိုက်မှ ကျောင်းဒကာတစ်ဦးက ရွာသားတစ်ဦးပိုင်ဆိုင်သည့် နွားမငယ်တစ်ကောင်ကို ကျောင်းခြံဝင်းထဲသို့ ဝင်ရောက်သည့်အတွက်ဟု ဆိုကာ ဓါးဖြင့်ခုတ်ခဲ့သည်။ 

ဇူလိုင်လ (၂၁) ရက်နေ့ နေ့လည်ပိုင်းတွင် မြို့မကညင်တန်းကျေးရွာမှ ဦးမာမတ်ဆိဒိခ် (ဘ) ဦးအီမာန်ဟူစိန်၏ နွားမငယ်တစ်ကောင်သည် ဘင်္ဂလားဒေ့ရှ်ကျောင်းတိုက်ရှေ့ရှိ ဆီဆိုင်နောက်ဖေး လယ်ကွယ်း၌ ကျက်စားပြီးနောက် ရခိုင်ရွာသားပိုင်ဆိုင်သည့် ဆီဆိုင်ရှေ့သို့ ရောက်ရှိလာပြီး ယင်းဆိုင်ရှေ့တွင် မစင်စွန့်ခဲ့သည်။ 

ထိုစဉ် ခါနာချေ ဆိုသည့် ကျောင်းဒကာတစ်ဦး ဓါးကိုင်လျက် ဘင်္ဂလားဒေ့ရှ်ကျောင်းတိုက်မှ ထွက်လာပြီး ဆိုင်ခန်းရှေ့တွင် မစင်စွန့်ခဲ့သည့် နွားမငယ်၏ အမြီးအရင်းပိုင်းမှနေ၍ ဓါးဖြင့်ခုတ်ခဲ့သည်ဟု မျက်မြင်သက်သေ တစ်ဦးက Rohingya Today သို့ပြောသည်။ 

ခါနာချေဆိုသူက ဆိုင်ရှေ့တွင် မစင်စွန့်ခြင်းကြောင့် အမြဲ အနှောက်အယှက်ဖြစ်ကြောင်း၊ ဆိုင်ခန်းရှေ့တွင် မစင်စွန့်၍ ဆိုင်ခန်းထဲသို့ ဝင်ရန် အခက်အခဲဖြစ်သည်ဟု ပြောဆို၍ ဘင်္ဂလားဒေ့ရှ်ကျောင်းတိုက်ဝင်းထဲသို့ ပြန်လည် ဝင်ရောက်သွားခဲ့သည်။ 

နွားပိုင်ရှင်ဖြစ်သူက ဘင်္ဂလားဒေ့ရှ်ကျောင်းတိုက်ဝင်းထဲသို့ သွားရောက် စုံစမ်းရာ ကျောင်းဒကာ ခါနာချေက ဘုန်းကြီးကျောင်း ခြံဝင်းထဲသို့ ဝင်ရောက်၍ မစင်စွန့်ခြင်းကြောင့် ခုတ်ခဲ့သည်ဟု လိမ်ညာပြောဆိုသည့်အပြင် ခြိမ်းခြောက် စော်ကားမှုများ ပြုလုပ်ခဲ့သည်။ 

ဆီဆိုင်များကို ၂၀၁၇ ခုနှစ်နောက်ပိုင်းတွင် ဖွင့်လှစ်ရောင်းချခွင့် မပြုတော့သဖြင့် ပိတ်ထားခဲ့ရသည်။ ဆီဆိုင်တန်းတွင် ရခိုင်လူမျိုးပိုင်ဆိုင်သည့် ဆိုင်ခန်းနှစ်ခန်းရှိပြီး၊ ယင်းဆိုင်များတွင် ဆီများသိုလှောင်ထားသည်။ ဆိုင်များကို ခါနာချေ ဆိုသည့် ကျောင်းဒကာက စောင့်ရှောက်ရန် တာဝန်ယူထားသည်။ ခါနာချေသည် ဘုန်းကြီးကျောင်းရှေ့ လမ်းဘေးတွင် ကျက်စားနေသော ဆိတ်၊ နွားများကို ဖမ်းဆီး၍ ကျောင်းခြံဝင်းထဲသို့ ဝင်သည်ဟုဆိုကာ ပိုင်ရှင်များထံမှ မကြာခဏ ငွေညှစ်လေ့ရှိသည်။ 

ဘင်္ဂလားဒေ့ရှ်ကျောင်းတိုက် အတွင်း သီတင်းသုံးနေသည့် ဘုန်းကြီးများသည် ရွာသားများနှင့် ရင်းရင်းနှီးနှီး ဆက်ဆံလေ့ရှိသည့်အတွက် ရွာသားများနှင့် မည်သည့်အခါကမှ ပြဿနာတစ်စုံတစ်ရာ ဖြစ်ခဲ့ခြင်း မရှိဟု ဒေသခံများက ပြောသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ