မောင်တော ဆေးရုံမှ ဦးအောင်ကျော်စိန်က ရိုဟင်ဂျာတစ်ဦး၏ CNG ကားမှန်ကို လက်သီးဖြင့်ထိုး၍ ခွဲ
မောင်ဝံ့သ Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ပြည်သူ့ဆေးရုံမှ သွေးစစ်ဆေးရေး တာဝန်ခံ ဦးအောင်ကျော်စိန်က ရိုဟင်ဂျာတစ်ဦး၏ CNG သုံးဘီးကား မှန်ကို လက်သီးဖြင့် ထိုး၍ ခွဲခဲ့သည်။ 

ဇူလိုင်လ (၂၀) ရက်နေ့ ညနေ ၄ နာရီအချိန်တွင် မောင်တောမြို့နယ်၊ မြို့မတောင်ရပ်ကွက်၊ ဗိုလ်မှူးရွာမှ ဦးဖာရုခ် ပိုင်ဆိုင်သည့် CNG သုံးဘီးကားကို ဦးအလီဇူဟာရ်က မောင်းနှင်၍ လူနာတစ်ဦးကို ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ကားသည် ဆေးရုံဝင်းထဲသို့ ဝင်ရောက်ပြီး လူနာကို ဆေးရုံ၏ မျှော်စင်ရှေ့တွင် ချပေးခဲ့သည်။ ကားမောင်းသူ ကားကို မောင်း၍ ပြန်ထွက်ရန် လုပ်နေစဉ် ဆေးရုံမှ သွေးစစ်ဆေးရေး တာဝန်ခံ ဦးအောင်ကျော်စိန် ရောက်ရှိလာပြီး “ဒါ ဘယ်သူ့ကားလဲ” ဟု ရခိုင်စကားဖြင့် မေးမြန်းရာ ကားမောင်းသူက “ကျွန်တော့်ရဲ့ကားပါ” ဟု ရခိုင်စကားဖြင့် ဖြေဆိုခဲ့သည်။ ကားမောင်းသူက ဖြေဆိုပြီးသည်နှင့် ဦးအောင်ကျော်စိန် က “ကုလားရဲ့ကား ဒီထဲကို ဘာလို့ဝင်တာလဲ” ဟု ဆူပူကြိမ်းမောင်း၍ ကား၏ ရှေ့မှန်ကို လက်သီးဖြင့် ထိုး၍ ခွဲခဲ့သည်ဟု ဒေသခံတစ်ဦးက Rohingya Today သို့ပြောသည်။ 

ကွဲသွားသည့် ကားမှန်၏ တန်ဖိုးမှာ ငွေကျပ် ရှစ်သောင်း ရှိသည်ဟု သိရသည်။ အစွန်းရောက် ဦးအောင်ကျော်စိန်သည် ရိုဟင်ဂျာများကို မုန်းတီးသူတစ်ဦး ဖြစ်ပြီး လူနာများကိုလည်း မညာမတတ် ဆက်ဆံသူဟု ကျော်ကြားသည်။ ၎င်း၏ ဂရုဏာကင်းမဲ့မှုကြောင့် ကိုယ်ဝန်ဆောင် ရိုဟင်ဂျာအမျိုးသမီးများနှင့် ကလေးငယ်များ အသက်ဆုံးရှုံးရသည်ပင် ရှိသည်ဟု ဒေသခံများက ဆိုကြသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများ ခွဲစိတ်၍ သားဖွားစဉ်ကာလတွင် သွေးလိုအပ်လျှင် အချိန်မီရောက်မလာခြင်း၊ အချိန်မီရောက်လာသော်လည်း ၎င်း၏ တာဝန်ကို အချိန်မီ ဆောင်ရွက်မပေးခြင်းကြောင့် လူနာများ မလိုအပ်ဘဲ အသက်ဆုံးရှုံးရသည်။

ဦးအောင်ကျော်စိန်သည် ဆေးရုံတွင်သာမက ၎င်းကိုယ်တိုင် ဦးစီး၍ ဖွင့်လှစ်ထားသည့် ဆေးခန်းတွင်လည်း ရိုဟင်ဂျာလူနာများကို ဘာသာရေး၊ လူမျိုးရေးအရ စော်ကားသည်ဟု ဒေသခံများက ပြောသည်။ ၎င်း၏ ဆေးခန်းတွင် ဆေးကုသပေးနေသည့် သမားတော်ကြီး၏ ဖြူစင်သော စေတနာကြောင့် ရိုဟင်ဂျာများက ၎င်း၏ စော်ကားမှုများကို ခံ၍ ဆေးကုသမှုခံယူရန် သွားနေရသည်ဟု ဒေသခံများက ဆိုကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ