စစ်တပ်၏ ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာကလေးတစ်ဦး ပြင်းထန်စွာဒဏ်ရာရ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်းတွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် အသက် (၁၃) နှစ် အရွယ် ရိုဟင်ဂျာကလေးတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ စံဂိုးတောင်ကျေးရွာအုပ်စုတွင် ဇူလိုင်လ လဆန်းပိုင်းမှစ၍ အစိုးရတပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသောကြောင့် စံဂိုးတောင်ကျေးရွာအုပ်စု၊ နွားရုံတောင်၊ သျှစ်သျှာတောင်၊ ဥယျာဉ်သာ စသည့် ရခိုင်ရွာများမှ ရခိုင်ရွာသူရွာသားများသည် စေတီတောင်၊ ဖုံညိုလိပ်နှင့် ဘူးသီးတောင်မြို့ပေါ်ရှိ ကျေးရွာများသို့ ပြောင်းရွှေ့ ခိုလှုံနေကြရသည်။ 

ဇူလိုင်လ (၂၂) ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် အင်အား ၂၀၀ ကျော်ရှိသည့် စစ်တပ် စစ်ကြောင်းသည် ဥယျာဉ်ကျေးရွာ လယ်ကွင်းပြင်သို့ အရောက်တွင် ဥယျာဉ်သာကျေးရွာ အရှေ့ပိုင်းရှိ တောင်တန်းပေါ်မှ AA တပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ညနေ ၄ နာရီအထိ တိုက်ပွဲဖြစ်ပွားပြီးနောက် ငြိမ်သက်သွားခဲ့သည်။ ပစ်ခတ်မှုများ ငြိမ်သက်သွားပြီးနောက် စစ်သားများသည် ဥယျာဉ်သာကျေးရွာထဲသို့ ဝင်ရောက်၍ အိမ်အလွတ်များတွင် နေရာယူထားခဲ့ကြသည်။ 

ည ၆ နာရီအချိန်တွင် ဒဗြူးချောင်းရှိ တပ်မသည် AA တပ်ဖွဲ့ဝင်များ နေရာယူထားသည့် ဥယျာဉ်သာအရှေ့ပိုင်းရှိ တောင်တန်းပေါ်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ကျည်ဆံများသည် ဥယျာဉ်သာကျေးရွာနှင့် စမ်းချောင်းငယ်တစ်ခုသာ ခြားသော ဆင်သေပြင်အရှေ့ပိုင်းသို့ ကျရောက်လာသဖြင့် ရွာသူရွာသားများသည် ရွာ၏ အနောက်ဘက်ကို ပြောင်းရွှေ့ခဲ့ကြသည်။ ထိုသို့ ပြောင်းရွှေ့နေစဉ် ည ၈ နာရီခန့်တွင် ဦးဆူးလေးအာမတ်၏ သား အသက် (၁၃) နှစ် အရွယ် ဒိလ်မာမတ်၏ ညာဘက်လက်မောင်းကို ကျည်ဆံထိမှန်ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ 

ညအချိန်ဖြစ်နေ၍ ဘူးသီးတောင်မြို့ပေါ်သို့ သွားရောက် ဆေးကုသမှုခံယူရန် မဖြစ်နိုင်သောကြောင့် ကျေးရွာရှိ ကျန်းမာရေး လုပ်သားများက ကုသပေးခဲ့ရသည်။ သွေးထွက်မထိန်းနိုင်ဖြစ်နေ၍ စိုးရိမ်နေရသည့်အချိန်တွင် စစ်ကြောင်းမှူးက ကျေးရွာရှိ ရမ်းကုဆရာဝန်များနှင့် မကုသရန် စစ်တပ်မှ ဆေးမှူးက ဆေးကုသပေးမည်ဟု ပြောဆိုသော်လည်း လာရောက် ကုသပေးခဲ့ခြင်း မရှိကြောင်း၊ ၎င်းအား ယနေ့ ဇူလိုင်လ (၂၃) ရက်နေ့တွင် ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသ နေရကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

ဇူလိုင်လ လဆန်းပိုင်းမှစ၍ တိုက်ပွဲများ ပြင်းထန်လျက်ရှိသောကြောင့် ရွာပြင်သို့ သွားရောက် အလုပ်မလုပ်နိုင်သည့် အပြင် အိမ်ထဲတွင်ပင် ကြောက်ရွံနေရသည်ဟု ဒေသခံများက ဆိုကြသည်။ တိုက်ပွဲများကြောင့် လယ်သမားများ မိုးစပါးစိုက်ရန်ပင် လယ်ကွင်းသို့ မသွားနိုင် ဖြစ်နေကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ