မောင်တော ပြင်ဖြူစခန်းမှ ရဲမှူး ဦးဆောင်သည့် အဖွဲ့က ရိုဟင်ဂျာတစ်ဦးကို မဟုတ်မမှန် လုပ်ကြံစွပ်စွဲပြီး ငွေ သိန်း ၂၀ ညှစ်
မင်းနိုင်ဦး Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ အမှတ် (၆) နယ်မြေ စခန်းမှ ရဲမှူးမြင့်အောင် ဦးဆောင်သည့် အဖွဲ့က ရိုဟင်ဂျာတစ်ဦးကို မဟုတ်မမှန် စွပ်စွဲ ခြိမ်းခြောက်ပြီး ငွေကျပ် သိန်း (၂၀) ညှစ်ယူခဲ့သည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ အမှတ် (၆) နယ်မြေ ပြင်ဖြူစခန်းမှ ရဲမှူးမြင့်အောင် ဦးစီးသည့် နယ်ခြားစောင့်ရဲ (၁၅) ဦးတို့သည် ဇူလိုင်လ (၁၉) ရက်နေ့ ည ၁၁း၃၀ နာရီအချိန်တွင် မင်္ဂလာကြီးကျေးရွာအုပ်စု၊ မင်္ဂလာရွာရှိ ဦးဒိလ်မာမတ် (ဘ) ဦးဇော်လာလ်၏ နေအိမ်သို့ ရောက်ရှိလာပြီး၊ နေအိမ်အတွင်း ရှာဖွေစစ်ဆေးခဲ့သည်။ နေအိမ်အတွင်း တရားမဝင်ပစ္စည်းတစ်စုံတစ်ရာ မရရှိသော်လည်း အိမ်ရှင်ဖြစ်သူ ဦးဒိလ်မာမတ် ကို နေအိမ်အပြင်သို့ ခေါ်ထုတ်လာပြီး အကြောင်းမဲ့ ငွေတောင်းခဲ့သည်။ ဦးဒိလ်မာမတ်က မိမိအနေဖြင့် ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ထားခြင်း မရှိသောကြောင့် ငွေပေးရန် မလိုကြောင်း ပြောဆိုသဖြင့် ရဲမှူးနှင့် အဖွဲ့က ပုဒ်မ (၁၄၄) ကို ဖောက်ဖျက်ကျူးလွန်သည်ဟု ဆိုကာ ဖမ်းဆီး၍ နယ်မြေရုံးသို့ ခေါ်ဆောင်သွားခဲ့သည်။ 

ဇူလိုင်လ (၂၀) ရက်နေ့တွင် ရဲမှူးမြင့်အောင် က ၎င်း၏ သတင်းပေးဖြစ်သူ မင်္ဂလာကြီးကျေးရွာမှ  ဦးကော်လိမူလ္လာ (ဘ) ဦးကော်ဘိရ် ကို ဖုန်းဆက် ဆင့်ခေါ်ပြီး၊ ဖမ်းဆီးထားသူ ဦးဒိလ်မာမတ် ကို ငွေကျပ် သိန်း (၂၀) ပေးမှ ပြန်လည် လွှတ်ပေးမည် ဖြစ်ကြောင်း ပြောဆို ညှိနှိုင်းခိုင်းခဲ့သည်။ ဖမ်းဆီးခံထားရသူ ဦးဒိလ်မာမတ် ကလည်း ငွေမပေးလျှင် လွတ်မြောက်ရန် လမ်းမရှိသောကြောင့် နောက်ဆုံးတွင် ငွေကျပ် သိန်း (၂၀) ပေးရန် သဘောတူခဲ့ပြီး၊ ၎င်းအား ညနေ (၄) နာရီအချိန်တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

ရဲမှူးမြင့်အောင်နှင့် အဖွဲ့သည် ၎င်းတို့၏ သတင်းပေးများနှင့်အတူ ရွာထဲသို့ ဝင်ရောက်၍ ရွာသူရွာသားများကို မဟုတ်မမှန် လုပ်ကြံစွပ်စွဲ ခြိမ်းခြောက်၍ ငွေညှစ်လျက်ရှိသောကြောင့် ရွာသူရွာသားများ အလွန်စိုးရိမ်လျက် ရှိနေကြသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ