ဘူးသီးတောင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ တဖက်နိုင်ငံတွင် ခိုလှုံနေသည့် ဒုက္ခသည်တစ်ဦး၏ အိမ်နှင့်အိမ်ရာမြေများကို ရောင်းစား
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ တဖက်နိုင်ငံတွင် ခိုလှုံနေသည့် ဒုက္ခသည်တစ်ဦး၏ အိမ်နှင့်အိမ်ရာမြေများကို ငွေကျပ် သိန်း (၁၂၀) ဖြင့် ရောင်းစားခဲ့သည်။ 

ဘူးသီးတောင်မြို့နယ် အမှတ် (၁) ရပ်ကွက် (အနောက်ရပ်ကွက်) မှ ဦးမိုဟာမတ်ဟူဆောင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွင် ခိုလှုံလျက်ရှိသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးမခိုလှုံခင်က ၎င်းပိုင်ဆိုင်သည့် အိမ်နှင့်အိမ်ရာမြေ - အိမ်အမှတ် (၂၇၈) အိမ်ရာမြေ ဦးပိုင်နံပါတ် (၆၈/ခ) ကို ၎င်းနှင့် ဆွေမျိုးတော်စပ်သူ ဦးဆွေဒုလ်အာမီးန် (ဘ) ဦးအဒူဆော်လာမ် ကို လွှဲပြောင်းပေးအပ်ခဲ့သည်။ 

ယခုနှစ် ဇန်နဝါရီလမှစ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဟာဘီရော်မန်က မြို့နယ်အုပ်ချုပ်ရေးမှူး၏ အမိန့်အရဟုဆိုကာ ဦးဆွေဒုလ်အာမီးန် ကို ယင်းအိမ်မှ ဖယ်ရှားပေးရန် ခြိမ်းခြောက်ခဲ့သည်။ ဦးဆွေဒုလ်အာမီးန်က ယင်းအိမ်မှ ဖယ်ရှားမသောကြောင့် တဖက်နိုင်ငံသို့ ထွက်သူများ၏ ဥစ္စာပိုင်ဆိုင်မှုများကို နိုင်ငံတော်ကသာ ပိုင်ဆိုင်ကြောင်း၊ အခြားမည်သူမှ ပိုင်ဆိုင်ခွင့်မရှိကြောင်း၊ နေအိမ်မှ ဖယ်ရှားမပေးပါက တရားစွဲဆိုသွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။ 

ယခုအခါ ယင်းအိမ်နှင့်အိမ်ရာမြေကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်း၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှရွှေနှင့် အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဟာဘီရော်မန်တို့ ပူးပေါင်း၍ ယင်းရပ်ကွက်မှ စားကုန်ပွဲရုံ ပိုင်ရှင် ဦးရွှေလှ ကို ငွေကျပ် သိန်း (၁၂၀) ဖြင့် အပြီးအပိုင် ရောင်းချလိုက်ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ အုပ်ချုပ်ရေးအာဏာပိုင်များ ဖြစ်ကြသည့် ဦးကျော်မင်းထွန်း၊ ဦးလှရွှေနှင့် ဦးဟာဘီရော်မန် တို့က ရောင်းချရငွေကို ငွေကျပ် သိန်း (၁၂၀) ကို ဇူလိုင်လ ဒုတိယပတ်တွင် လက်ခံရယူခဲ့သည်။ 

အိမ်နှင့်အိမ်ရာမြေ တို့ကို အပြီးအပိုင် ရောင်းချလိုက်သော်လည်း ဦးဆွေဒုလ်အာမီးန်နှင့် မိသားစုဝင်များက ယင်းအိမ်မှ ဆင်းပေးခြင်း မရှိသောကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်း က ဇူလိုင်လ (၁၇) ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင် (၄) ဦးစေလွှတ်၍ ဦးဆွေဒုလ်အာမီးန်တို့ မိသားစုကို နေအိမ်မှ အတင်းအဓမ္မ မောင်းထုတ်ခဲ့သည်။ ဦးဆွေဒုလ်အာမီးန်၏ အိမ်အသုံးအဆောင် ပစ္စည်းများ ယခုအချိန်ထိ ယင်းအိမ်တွင် ရှိနေသည်ဟု ဒေသခံများက ဆိုကြသည်။ 

ယခုကဲ့သို့ ရောင်းစားခြင်းမှာ ငွေအမြောက်အမြား ရရှိရေးနှင့် တဖက်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုက္ခသည်များ ပြန်မလာနိုင်ရေးအတွက် ရည်ရွယ်ခြင်း ဖြစ်သည်ဟု အုပ်ချုပ်ရေးအာဏာပိုင်များနှင့် နီးစပ်သူများ ပြောသည်။ 

နေအိမ်မှ မောင်းထုတ်ခဲ့ရသည့် ဦးဆွေဒုလ်အာမီးန်နှင့် မိသားစုဝင် (၇) ဦးသည် အိုးအိမ်မဲ့ ဖြစ်သွားသောကြောင့် နေထိုင်စရာ နေမရှိ ဖြစ်နေပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံရန် စီစဉ်နေသည်ဟု သိရသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေသူများ၏ နေအိမ်များနှင့် အိမ်ရာမြေများကို အင်တာနက် ဖြတ်တောက်ပြီး သတင်းအမှောင်ချထားစဉ် အုပ်ချုပ်ရေးအာဏာပိုင်များက ရောင်းစားရန် အသည်းအသန် ကြိုးစားနေသည်ဟု ၎င်းတို့နှင့် နီးစပ်သူများ ပြောသည်။ 

အုပ်ချုပ်ရေးအာဏာကို အလွဲသုံးစားပြုလုပ်၍ ဒုက္ခသည်များ၏ နေအိမ်များ၊ အိမ်ခြံမြေများ ရောင်းစားနေခြင်း နေပြည်တော်မှ စုံစမ်းစစ်ဆေး၍ ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် လိုအပ်သည်ဟု ဒေသခံများက တောင်းဆိုနေကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ