ဘူးသီးတောင် ဦးလှဖေကျေးရွာမှ ရိုဟင်ဂျာနှစ်ဦး ဖမ်းဆီးထားသည်မှာ သုံးပတ်ကျော်ရှိပြီ ဖြစ်သော်လည်း ယခုထိ ပြန်လည် မလွှတ်ပေးသေး
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဦးလှဖေကျေးရွာမှ ရိုဟင်ဂျာနှစ်ဦးကို ဇွန်လ နောက်ဆုံးပတ်တွင် ဖမ်းဆီးသွားပြီး ယခုအချိန်ထိ ပြန်လည်လွှတ်ပေးခြင်း မရှိသေးဟု ဒေသခံများက ပြောသည်။ 

ဇွန်လ (၂၇) ရက်နေ့ နံနက် (၇) နာရီခန့်တွင် တပ်ရင်း (၅၅၁) မှ စစ်သား ၁၅၀ ခန့်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ (မ.က.ဖ) မှ ၂၅ ဦးသည် ဘူးသီးတောင်မြို့နယ် ဦးလှဖေကျေးရွာအုပ်စုသို့ ရောက်ရှိလာပြီး၊ စစ်သား ၁၀၀ ခန့်က ရွာကို အပြင်ဘက်မှ ဝန်းရံထားခဲ့သည်။ ကျန်သည့် စစ်သား ၅၀ ခန့်က ရွာထဲတွင် ဖြန့်ကျဲ၍ နေရာယူထားခဲ့သည်။ နယ်ခြားစောင့်ရဲတပ်ဖွဲ့ (မ.က.ဖ) အဖွဲ့ဝင်များသည် အဖွဲ့ ၄ ဖွဲ့ခွဲကာ ရွာအတွင်း တစ်အိမ်တက်ဆင်း ဝင်ရောက် စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးနေစဉ် ဝရကျွန်းကျေးရွာမှ အတွင်းငှက်သေကျေးရွာရှိ ယောက္ခမအိမ်သို့ ယာယီ ပြောင်းရွှေ့နေထိုင်သူ ဦးနာဆဲရ် (ဘ) ဦးအဒူရှကူရ် သည် ဦးလှဖေကျေးရွာမှ ဖြတ်သန်းသွားနေသည်ကို တပ်ဖွဲ့ဝင်များက တွေ့ရှိပြီး စစ်ဆေးမေးမြန်းခဲ့သည်။ ဦးနာဆဲရ်က ၎င်းသည် အတွင်းငှက်သေကျေးရွာမှ ဖြစ်ကြောင်း၊ ဘူးသီးတောင်မြို့သို့ သွားနေခြင်း ဖြစ်ကြောင်း ပြောပြသော်လည်း၊ တပ်ဖွဲ့ဝင်များက ၎င်းအား ထိန်းသိမ်းထားပြီး အထောက်အထား တင်ပြရန် တောင်းဆိုသဖြင့် ရွာမှ အိမ်ထောင်စုလူဦးရေစာရင်း မှာယူ၍ ပြသရာ ၎င်း၏ ဇာတိသည် ဝရကျွန်းဖြစ်သဖြင့် တပ်ဖွဲ့ဝင်များက လိမ်လည်ခဲ့သည်ဟု ဆိုကာ ၎င်းအား ဖမ်းဆီးခဲ့သည်။ 

တစ်အိမ်တက်ဆင်း စစ်ဆေးနေစဉ် ယာစီးန်အုလ္လာ (ဘ) ဦးကာလာမျာ (အသက် ၂၄ နှစ်) ၏ နေအိမ်ရှေ့သို့ ရောက်သောအခါ ယာစီးန်အုလ္လာက အိမ်ခြံဝင်းဂိတ်တံခါး ပိတ်နေသည်ကို မြင်၍ “ဘာကြောင့် ပိတ်နေရတာလဲ” ဟု မေးမြန်း၍ ၎င်း၏ အိမ်ထဲသို့ ဝင်ရောက် စစ်ဆေးခဲ့သည်။ ၎င်း၏ အိမ်ထောင်စုလူဦးရေ စာရင်းသည် ညီမဖြစ်သူ၏ နေအိမ်တွင် သိမ်းထားသဖြင့် စစ်ဆေးသူများကို ပြသနိုင်ခြင်း မရှိခဲ့ပေ။ အိမ်ထောင်စု လူဦးရေစာရင်း မပြနိုင်ဟု ဆိုကာ ၎င်းကိုလည်း ဖမ်းဆီးခဲ့သည်။ 

နေအိမ်များ စစ်ဆေးစဉ် အခြားရွာသား (၆) ဦးကိုလည်း အကြောင်းအမျိုးမျိုး ပြ၍ ဖမ်းဆီးခဲ့သည်။ ညနေပိုင်းတွင် ဖမ်းဆီးထားသူ (၈) ဦးကို ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်သွားပြီး၊ ယာစီးန်အုလ္လာနှင့် ဦးနာဆဲရ် တို့ကို ဆက်လက် ထိန်းသိမ်းထားပြီး၊ ကျန်သည့် (၆) ဦးထံမှ ငွေကျပ် နှစ်သိန်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

ယာစီးန်အုလ္လာနှင့် ဦးနာဆဲရ်တို့ကို တပ်ရင်း (၅၅၁) သို့ ခေါ်ဆောင်သွားခဲ့သည်။ ဇွန်လ (၂၈) ရက်နေ့တွင် ယာစီးန်အုလ္လာ၏ မိသားစုဝင်များက တပ်ရင်း (၅၅၁) သို့ လိုက်သွားပြီး အိမ်ထောင်စုလူဦးရေစာရင်းကို ပြသသော်လည်း စစ်တပ်က အထက်အရာရှိကြီးဆီသို့ အစီရင်ခံထားသဖြင့် ချက်ချင်း ပြန်လွှတ်ပေးနိုင်မှာ မဟုတ်ကြောင်း၊ အရာရှိကြီးများထံမှ ခွင့်ပြုချက်ရရှိပြီးမှ လွှတ်ပေးမည်ဟု ပြောသော်လည်း ယခုအချိန်ထိ ပြန်လည် လွှတ်ပေးခြင်း မရှိသေးဟု ဒေသခံများက ပြောသည်။ 

ဝရကျွန်းကျေးရွာဇာတိသား ဦးနာဆဲရ်သည် အတွင်းငှက်သေကျေးရွာတွင် အိမ်ထောင်ကျပြီးနောက် ယာယီနေထိုင်နေသဖြင့် လက်ရှိနေထိုင်နေသည့် နေရပ်ကိုသာ ပြောခဲ့သည်ကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် လွှဲမှားနေသည်ဟု ပြောဆို၍ ယခုအချိန်ထိ ဖမ်းဆီးထားသည်။ 

ဖမ်းဆီးခံထားရသူ နှစ်ဦးစလုံးကို သုံးပတ်ကျော်သည်အထိ ပြန်လည် လွှတ်ပေးခြင်း မရှိသေးသောကြောင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။ 

ဇွန်လ (၂၇) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ စိမ်းညှင်းပြာကျေးရွာအုပ်စု ဒိုင်းနက်ပြင်ရွာကို တပ်မ (၂၂) မှ စစ်သား ၅၀ ခန့်နှင့် ညောင်ချောင်း အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေမှ နယ်ခြားစောင့်ရဲ ၂၀ ခန့် ရောက်ရှိလာပြီး တစ်အိမ်တက်ဆင်း စစ်ဆေးခဲ့သည်။ စစ်ဆေးနေစဉ် စစ်သား ၂၀၀ ခန့် ထပ်မံရောက်ရှိလာပြီး ရွာ၏ အပြင်ဘက်မှ ဝန်းရံထားခဲ့သည်။ စစ်ဆေးပြီးနောက် တရားမဝင် နေထိုင်သူ တစ်ဦးတစ်ယောက်မှ မတွေ့ရှိ၍ ပြန်လည် ထွက်ခွာသွားခဲ့သည်။ 

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ရိုဟင်ဂျာရွာများကို အဓိက ပစ်မှတ်ထား၍ မကြာခဏ စစ်ဆေးလျက်ရှိသော်လည်း တရားမဝင် နေထိုင်သူတစ်ဦးတစ်ယောက်မှ တွေ့ရှိခြင်း မရှိဟု ဒေသခံများက ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ