ရသေ့တောင် ရက်ခုန်းတန်မှ ရိုဟင်ဂျာ ဆရာတစ်ဦးကို ကျောင်းအုပ်က ပညာရေးမှူးနှင့် တွေ့ရန်ဟု ဆင့်ခေါ်ပြီးနောက် လက်နက်ကိုင်ဆောင်ထားသည့် ရခိုင်လူမျိုးအချို့က ရိုက်နှက်၍ ဖမ်းဆီးခေါ်ဆောင်သွား
ရန်နိုင် Rohingya Today

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ရက်ခုန်းတန်ကျေးရွာအုပ်စုရှိ ကျောင်းတွင် စာသင်ပေးနေသည့် ရိုဟင်ဂျာ စေတနာဝန်ထမ်း ကျောင်းဆရာတစ်ဦးကို ကျောင်းအုပ်ကြီးက ပညာရေးမှူးနှင့် တွေ့ဆုံရန်ရှိသည်ဟုဆိုကာ လုပ်ကြံ ဆင့်ခေါ်ပြီးနောက် လက်နက်ကိုင်ဆောင်ထားသည့် ရခိုင်လူမျိုးအချို့က ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားသည်။

ရသေ့တောင်မြို့နယ် ရက်ခုန်းတန်ကျေးရွာအုပ်စု၊ အာကာတောင်ရွာရှိ အခြေခံပညာ မူလတန်းကျောင်းတွင် စေတနာဝန်ထမ်း ဆရာများအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ရိုဟင်ဂျာလူငယ် ဆရာ (၄) ဦးကို နိုဝင်ဘာလ (၉ ) ရက်နေ့တွင် ကျောင်းအုပ်ဆရာကြီး ဦးမောင်အေးလှိုင် (အသက် ၅၂ နှစ်ခန့်) က ပညာရေးမှူးနှင့် တွေ့ဆုံရန်ရှိသည်ဟု လုပ်ကြံပြောဆို၍ ဆင့်ခေါ်ခဲ့သည်။

ဆင့်ခေါ်ခံရသည့် ရိုဟင်ဂျာလူငယ် ဆရာ (၄) ဦးသည် ရက်ခုန်းတန် (ရခိုင်) ရွာသို့ နံနက် ၁၁း၃၀ နာရီ အချိန်တွင် ရောက်ရှိပြီး ပညာရေးမှူးနှင့် တွေ့ဆုံရန် စောင့်ဆိုင်းနေခဲ့သော်လည်း ပညာရေးမှူးရောက်ရှိလာခြင်း မရှိပေ။ ထို့နောက် ဦးမောင်အေးလှိုင်က အစည်းအဝေး အစီအစဉ် ပျက်သွားသည့် ပုံစံမျိုးပြောဆို၍ လူငယ် (၄) ဦးမှ ဦးအာမီရ်ဟာကိမ်း (ဘ) ဦးအန်ဝါရ် (အသက် ၂၈ နှစ်) နှင့် သီးခြားဆွေးနွေးရန် ရှိသည်ဟု ဆိုကာ ကျန်သည့် (၃) ဦးကို အိမ်ပြန်ခိုင်းခဲ့သည်။ ကျန်သည့် (၃) ဦးသည် ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက် ဦးအာမီရ်ဟာကိမ်းကို တစ်ဦးတည်း ထားသွားရမည်ကို စိုးရိမ်မကင်း ဖြစ်ကြပြီး အိမ်သို့ မပြန်ကြဘဲ ထိုနေရာနှင့် နီးသည့် အခြားနေရာတစ်နေရာမှ အခြေအနေကို စောင့်ကြည့်နေခဲ့သည်။ 

နေ့လည် ၁ နာရီခန့်အချိန်တွင် လက်နက်ကိုင်ဆောင်ထားသည့် ရခိုင်လူမျိုး (၇) ဦး အဖွဲ့တစ်ဖွဲ့ ရုတ်တရက် ရောက်ရှိလာပြီး ဦးအာမီရ်ဟာကိမ်း ကို ကြိုးဖြင့်ချည်နှောင်၍ ရိုက်နှက်ပြီး အခြား ရခိုင်ရွာတစ်ရွာသို့ ခေါ်ဆောင်သွားသည်ကို အခြေအနေစောင့်ကြည့်နေသည့် ရိုဟင်ဂျာလူငယ် ဆရာ (၃) ဦးက မြင်တွေ့ပြီး အာကာတောင်ရွာသို့ အမြန်ပြန်လာကာ ဖြစ်စဉ်နှင့် ပတ်သက်၍ ဆွေမျိုးများကို ပြောပြခဲ့သည်။ ထို့နောက် ဆွေမျိုးများက ရသေ့တောင်မြို့နယ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ တိုင်ကြားခဲ့ကြောင်း ရွာသားတစ်ဦးက Rohingya Today သို့ပြောပါသည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့က လူငယ်များကို လိမ်လည်၍ ဆင့်ခေါ်ခဲ့သည့် ကျောင်းအုပ်ကြီး ဦးမောင်အေးလှိုင်ကို စုံစမ်းစစ်ဆေးရန် ညနေ ၅ နာရီ အချိန်တွင် စခန်းသို့ ဆင့်ခေါ်ခဲ့သည်။ ဦးမောင်အေးလှိုင် စခန်းသို့ ရောက်ရှိပြီးနောက် ဦးအာမီရ်ဟာကိမ်း၏ ဆွေမျိုးတစ်ဦးထံသို့ ဖမ်းဆီးခေါ်ဆောင်သွားသည့် အဖွဲ့မှ လူတစ်ဦးက ဖုန်းဆက်၍ “မောင်အေးလှိုင်ကို လွှတ်ပေးအောင် ပြောပေးလိုက်၊ မင်းတို့လူကိုလည်း လွှတ်ပေးမယ်” ဟု ပြောဆိုရာ ဖုန်းဖြေဆိုသူက “ကျွန်တော်တို့ ပြောရင် လွှတ်ပေးမှာ မဟုတ်ဘူး။ ကျေးဇူးပြုပြီး အာမီရ်ဟာကိမ်းကို လွှတ်ပေးလိုက်ပါ” ဟု တောင်းဆို၍ ပြောသော်လည်း ဖုန်းခေါ်ဆိုသူက တစ်စုံတစ်ရာ ပြန်ဖြေကြားခြင်း မရှိဘဲ ဖုန်းချလိုက်ပြီး၊ နောက်တစ်ကြိမ် ဖုန်းခေါ်၍ ငွေကျပ် သိန်း ၂၃၀ ပေးမှသာ ပြန်လွှတ်ပေးမည်ဟု ပြောခဲ့သည်။

ဦးမောင်အေးလှိုင်ကို ည ၉း၃၀ နာရီအချိန်တွင် အာမခံဖြင့် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ရသေ့တောင်မြို့ခံ တစ်ဦးက ပြောပါသည်။ 

“မောင်အေးလှိုင်ကို အုတ်ဖိုကျေးရွာအုပ်စုက ရခိုင်လူမျိုးတစ်ဦးရဲ့ အာမခံနဲ့ ည ၉ နာရီခွဲမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ကြားတယ်။ အာမီရ်ဟာကိမ်းကိုတော့ အခုအချိန်ထိ ပြန်မလွှတ်ပေးသေးဘူး။ ဆွေမျိုးတွေ အားလုံးက အရမ်းကို စိုးရိမ်နေကြတယ်” ဟု ၎င်းက ပြောပါသည်။

ယနေ့ နိုဝင်ဘာလ (၁၀) ရက်နေ့ နံနက်ပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားသူများက ဦးအာမီရ်ဟာကိမ်း၏ ဆွေမျိုးထံ ဖုန်းခေါ်၍ ငွေကျပ် သိန်း ၁၅၀ ပေးလျှင် လွှတ်ပေးမည်ဟု ပြောဆိုခဲ့သည်။ နံနက် ၁၁း၂၀ နာရီ အချိန်တွင် ဆွေမျိုးများက ဖုန်းခေါ်၍ လွှတ်ပေးရန် တောင်းဆိုသော်လည်း ဖမ်းဆီးထားသူများက သိန်း ၁၅၀ နှင့် လွှတ်ပေးတော့မည် မဟုတ်ကြောင်း သိန်း ၂၅၀ ကို နောက်မိနစ် ၂၀ အတွင်း မပေးလျှင် သတ်ပစ်မည် ဟု ပြောဆိုသောကြောင့် မိသားစုဝင် ဆွေမျိုးများက ဦးအာမီရ်ဟာကိမ်း အသတ်ခံရမည်ကို အထူးစိုးရိမ်နေကြသည်။ 

မိသားစုဝင် ဆွေမျိုးများသည် အချိန်တိုအတွင်း ငွေကျပ် သိန်း ၂၅၀ ချေးငှား၍ စုဆောင်းရန် အခြေအနေ မပေးသောကြောင့် အစိုးရ အာဏာပိုင်များက ကူညီလျှင်သာ အသက်ချမ်းသာရာရမည့် အနေအထားတွင် ရှိနေသည်ဟု ဒေသခံများက ပြောပါသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ