ဘူးသီးတောင် ဦးလှဖေ ကျေးရွာအုပ်ချုပ်ရေးမှူးက မွေးထောက်ခံချက်၊ အိမ်ထောင်စုစာရင်းများ အကြောင်းပြ၍ ရွာသားများထံမှ ငွေကောက်ခံ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ရပ်ကွက်ကျေးရွာများတွင် လူဦးရေစာရင်း ကောက်ခံလျက်ရှိပြီး၊ ဦးလှဖေကျေးရွာ အုပ်ချုပ်ရေးမှူးက မွေးထောက်ခံချက်၊ အိမ်ထောင်စု စာရင်းများ အကြောင်းပြ၍ ရွာသားများထံမှ ငွေကောက်ခံသည်။ 

ဇူလိုင်လ လဆန်းပိုင်းမှစ၍ ဘူးသီးတောင်မြို့နယ်ရှိ ရပ်ကွက်ကျေးရွာများတွင် လူဦးရေစာရင်းကောက်ခံလျက်ရှိပြီး၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရုံးစာရေး၊ ကျေးရွာ ကျောင်းမှဆရာ/မ များက စာရင်းကောက်ခံသည်။ အချို့ကျေးရွာများတွင် ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးရွာရှိ ကျောင်းသားလူငယ်များကို အကူအညီတောင်း၍ ၎င်းတို့နှင့်အတူ လူဦးရေစာရင်း ကောက်ခံလျက်ရှိသည်။ 

ဦးလှဖေကျေးရွာတွင်လည်း ဇူလိုင်လ လဆန်းပိုင်းမှစ၍ ကျေးရွာအုပ်ချုပ်ရေးမှူးက ကျောင်းသားလူငယ်များ၏ အကူအညီဖြင့် လူဦးရေစာရင်း ကောက်ခံခဲ့သည်။ လူဦးရေစာရင်း ကောက်ခံနေစဉ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအာစ်မော်တူလ္လာ က ၂၀၁၈ ခုနှစ် ဆွဲ၊တင်၊စစ် နောက်ပိုင်းတွင် မွေးဖွားခဲ့သည့် ကလေးငယ်များအတွက် မွေးစာရင်းဟု ဆိုကာ ငွေကျပ် ၆၀၀၀/- ကောက်ခံ၍ မွေးထောက်ခံချက် တစ်စောင်စီ ထုတ်ပေးခဲ့သည်။ ကလေးငယ် (၁၀၀) ဦးခန့် အတွက် မွေးထောက်ခံချက်များ ထုတ်ပေးခဲ့သည်။

ထောက်ခံချက်အတွက် ပေးရသည့် ငွေကျပ် ၆၀၀၀/- သည် နေ့စာအလုပ်သမားများအတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုး ဖြစ်ခဲ့ရသည်။ သို့သော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးက ယခု မွေးစာရင်းမရယူလျှင် ယင်းကလေးကို အိမ်ထောင်စု လူဦးရေစာရင်းသို့ တင်နိုင်မည်မဟုတ်ဟု ခြိမ်းခြောက်ခဲ့သဖြင့် ရရာနည်းဖြင့် ငွေကျပ် ၆၀၀၀/- ပေး၍ မွေးထောက်ခံချက် ရယူခဲ့ရသည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ဦးလှဖေကျေးရွာတွင် အိမ်ထောင်စု ၅၀၀ ရှိပြီး အိမ်ခြေ ၈၀၀ ရှိသည်။ အိမ်ထောင်စုထက် အိမ်ခြေ ၃၀၀ ပိုနေသည်မှာ သားသမီးများ အိမ်ထောင်ကျပြီးနောက် အိမ်ခွဲနေခြင်းကြောင့် ဖြစ်သည်။ ၁၉၉၃/၉၄ ခုနှစ်မှစ၍ န.စ.က က ရိုဟင်ဂျာများကို အိမ်ထောင်စုစာရင်းမှ ခွဲထုတ်၍ အိမ်ထောင်စုစာရင်း အသစ်မထုတ်ပေးခြင်းကြောင့် အိမ်ထောင်စုထက် အိမ်ခြေ ပိုများနေခြင်း ဖြစ်သည်။ ထို့ကြောင့် အိမ်ထောင်စုတစ်စုတွင် အိမ်ခြေ နှစ်လုံး၊ သုံးလုံး ဖြစ်နေသည်များ ရှိနေသည်။ 

ယခု ဦးလှဖေကျေးရွာအုပ်ချုပ်ရေးမှူးက အိမ်ထောင်စုစာရင်း ခွဲမရဘဲ အိမ်ထောင်စုတစ်စုတွင် အိမ်ခြေ နှစ်လုံး၊ သုံးလုံး ဖြစ်နေသည့် အိမ်ထောင်စုများကို အိမ်ထောင်စု စာရင်းမှ ခွဲထုတ်ပေးမည်ဟု ဆိုကာ အိမ်ခြေတစ်လုံးလျှင် ငွေကျပ် ၂၅၀၀၀/- မှ ၅၀၀၀၀/- ထိ ကောက်ခံသည်။ အိမ်ခြေ ၂၀၀ ကျော်မှ ကောက်ခံခဲ့သည်ဟု ဒေသခံများက ဆိုကြသည်။ 

“လူတွေက အိမ်ထောင်စုစာရင်းကို ခွဲထုတ်ချင်တော့ အိမ်ထောင်စု စာရင်းကနေ တကယ် ခွဲထုတ်ပေးနိုင်မလားဆိုတာ မေးခွန်းမထုတ်တော့ဘဲ ခွဲပေးမယ် ပြောရုံနဲ့ တောင်းသလောက် ငွေထုတ်ပေးခဲ့တယ်။ အနည်းအကျဉ်းကသာ စဉ်းစားပြီး ငွေထုတ်မပေးကြဘူး။ အခု လူဦးရေစာရင်း ကောက်ခံတာမှ လ.ဝ.က တောင်မပါဘူး။ အုပ်ချုပ်ရေးမှူးက အိမ်ထောင်စု ခွဲပေးမယ်လို့ ပြောပြီး ငွေကောက်နေတာက ရွာသားတွေဆီကနေ ဗြောင်လိမ်စားနေတာ ဖြစ်မယ်” ဟု အမည်မဖော်လိုသည့် ရွာသားတစ်ဦးက ဝေဖန် သုံးသပ်သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ