ဘူးသီးတောင် သပိတ်တောင်ကျေးရွာကို စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ဝင်ရောက် စစ်ဆေး
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သပိတ်တောင်ကျေးရွာကို စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ဝင်ရောက်၍ စစ်ဆေးခဲ့သည်။ 

ဇူလိုင်လ (၁၃) ရက်နေ့ နံနက်ပိုင်းတွင် စစ်သား (၂၀၀) ကျော်နှင့် နယ်ခြားစောင့်ရဲ (၅၀) ကျော်တို့သည် သပိတ်တောင်ကျေးရွာအုပ်စုသို့ ဝင်ရောက်လာပြီး၊ တောင်ရွာ၊ မြောက်ရွာနှင့် သပိတ်တောင် တို့မှ နေအိမ်များကို တစ်အိမ်ချင်း ဝင်ရောက်၍ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နေအိမ်တွင်းရှိ လူဦးရေများကို အသေးစိတ် စစ်ဆေးခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

နေအိမ်များ စစ်ဆေးစဉ် တရားမဝင်နေထိုင်သူ တစ်ဦးတစ်ယောက်မှ မတွေ့သဖြင့် အဖမ်းအဆီး မရှိခဲ့ဟု ဒေသခံများက ဆိုကြသည်။ 

စစ်သားများနှင့် နယ်ခြားစောင့်ရဲများသည် ညနေပိုင်းတွင် အဖွဲ့ (၃) ဖွဲ့ခွဲ၍ စာသင်ကျောင်းတွင် တစ်ဖွဲ့၊ တောင်ရွာရှိ သောက်ရေကန်ဘောင်နှင့် ဗုံးပေါက်ကွဲခဲ့သည့် တံတားအနီးတွင် နှစ်ဖွဲ့ ညအိပ်ခဲ့သည်။ 

ဇူလိုင်လ (၁၄) ရက်နေ့ နံနက် (၈) နာရီကျော်တွင် စစ်သားများနှင့် နယ်ခြားစောင့်ရဲများသည် တောင်ဘက်လမ်းအတိုင်း ထွက်ခွာသွားခဲ့သည်။ 

သပိတ်တောင်ကျေးရွာအုပ်စုကို ဝင်ရောက် စစ်ဆေးခဲ့ရခြင်းမှာ ဇူလိုင်လ (၁၂) ရက်နေ့ နံနက် (၃) နာရီအချိန်တွင် သပိတ်တောင်ကျေးရွာအုပ်စုနှင့် ကင်းချောင်းကျေးရွာအုပ်စုရှိ တံတား အနောက်ဘက်တွင် ဗုံးပေါက်ကွဲခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။ 

ဘူးသီးတောင်မြို့နယ်အတွင်းတွင် အစိုးရတပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ