မောင်တော ကျီးကန်းပြင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ် အနီးမှ စစ်သားများက အမျိုးသမီးတစ်ဦးကို လူမဆန်စွာ ကိုယ်ထိလက်ရောက် စော်ကား ရိုက်နှက်
မောင်ဝံ့သ Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ငန်းချောင်းကျေးရွာအုပ်စု တောင်ရွာမှ ရိုဟင်ဂျာအမျိုးသမီးတစ်ဦးကို ကျီးကန်းပြင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်အနီးတွင် စစ်သားများက လူမဆန်စွာ ကိုယ်ထိလက်ရောက် စော်ကား ရိုက်နှက်ခဲ့သည်။

ဇူလိုင်လ (၁၀) ရက်နေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်း ငန်းချောင်းကျေးရွာအုပ်စု တောင်ရွာမှ မော်လဝီဟာဘီရော်မန်နှင့် ၎င်း၏ ဇနီးတို့သည် မောင်တောမြို့ပေါ်တွင် ဆေးကုသမှုခံယူပြီး CNG သုံးဘီး တက္ကစီဖြင့် ရွာသို့ပြန်နေစဉ် ကျီးကန်းပြင်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ် စစ်ဆေးရေးဂိတ်တွင် ပုံမှန်အတိုင်း စစ်ဆေးမှု ခံယူခဲ့သည်။ စစ်ဆေးမှုခံယူပြီးနောက် ရွာသို့ ဆက်လက်သွားနေစဉ် ယင်းစစ်ဆေးရေးဂိတ်နှင့် တစ်ဖာလုံခန့်အကွာ၊ ဝါးပိတ်ကျေးရွာအပိုင် လမ်းမပေါ်တွင် စစ်သားအချို့က သုံးဘီးတက္ကစီကို ရပ်တန့်ခိုင်းပြီး အမျိုးသမီးတစ်ဦးတည်းကိုသာ ဆင်းလာ၍ စစ်ဆေးခံရန် ပြောသည်။ 

တက္ကစီပေါ်တွင် လိုက်ပါလာသူများကို ဌာနချုပ် စစ်ဆေးရေးဂိတ်တွင် စစ်ဆေးခံထားသည်ဟု စစ်သားများအား ရှင်းပြသော်လည်း အတင်းအဓမ္မ ဆင်းခိုင်းသည်။ စစ်သားများ ရပ်တန့်ခိုင်းသည့် နေရာတွင် လူသူကင်းမဲ့ပြီး၊ တောတောင်၊ ချုံပုတ်နှင့် နီးကပ်နေသည့် နေရာဖြစ်သောကြောင့် အမျိုးသမီးက မဖွယ်မရာ ပြုလုပ်ခံရမည်ကို စိုးရိမ်၍ ကားပေါ်မှ မဆင်းဘဲ နေခဲ့သည်။ စစ်သားများက ၎င်းတို့ ပြောသည့်အတိုင်း ဆင်းမလာသောကြောင့် အမျိုးသမီးကို အတင်းအဓမ္မ ဆွဲ၍ ကိုယ်ထိလက်ရောက် စော်ကားကာ၊ ဝတ်ရုံကို ဖြဲစုတ်ပစ်သည့်အပြင် ခန္ဓာကိုယ်အနှံ့ ရောင်ရမ်းလာသည့်အထိ လူမဆန်စွာ ရိုက်နှက်ခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

“တကယ်လို့ ဒီအမျိုးသမီး ဆင်းသွားရင် သူ့ကို ခန္ဓာကိုယ်ထဲ ဘာပါလဲဆိုပြီး စစ်မယ်လို့ အကြောင်းပြမယ်။ ပြီးရင် ချုံပုတ်ထဲကို ခေါ်သွားပြီး မုဒိမ်းကျင့်နိုင်တယ်။ အမျိုးသမီးက မဆင်းလိုက်တာ ကံကောင်းတယ်။ အခုလို စစ်သားတွေက အမျိုးသမီးတွေကို နှောက်ယှက်နေမယ်ဆိုရင် အမျိုးသမီးတွေ အိမ်ထဲက အိမ်ပြင် ထွက်ဖို့ တော်တော်လေး ခက်သွားမယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ