ICC မှ ဒုရှေ့နေချုပ် ဦးဆောင်သည့်အဖွဲ့ ရိုဟင်ဂျာများကို ပြည်နှင်ဒဏ်ပေးမှုနှင့် သက်ဆိုင်သည်များ လေ့လာဆွေးနွေးရန် ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေ
ရှား Rohingya Today
ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်း (ဓါတ်ပုံ - Damir Sagolj/Reuters)

ICC နိုင်ငံတကာရာဇဝတ်ခုံရုံးမှ ဒုတိယရှေ့နေချုပ် James Kirkpatrick Stewart ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရိုဟင်ဂျာဒုက္ခသည်များ၊ ဘင်္ဂလားဒေ့ရှ်မှ အဆင့်မြင့် အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ တရားရေးရာနှင့် ဆိုင်သည်များကို ရှင်းလင်းရန် ယနေ့ အင်္ဂါနေ့မှစ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့သို့ တစ်ပတ်ကြာ အလုပ်သဘော ခရီးရောက်ရှိနေသည်ဟု ဘင်္ဂလားဒေ့ရှ်မှ ပြည်တွင်းမီဒီယာများက ရေးသားဖော်ပြသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်ထဲရေးနှင့် ဥပဒေရေးရာ ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိများ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမည့်အပြင် ရိုဟင်ဂျာဒုက္ခသည်စခန်းများသို့ သွားရောက်၍ အခြေအနေကို လေ့လာမည် ဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရ တာဝန်ရှိသူများက ပြောသည်။ 

ICC ၏ ပြောရေးဆိုခွင့်ရှိသူ ထုတ်ပြန်သည့် ကြေညာချက်တွင် ရောမသဘောတူစာချုပ်၏ လုပ်ပိုင်ခွင့်အရ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့၏ အခြေအနေကို လေ့လာရန် ရောက်ရှိနေခြင်း ဖြစ်သည်ဟု ဆိုသည်။ 

ICC ၏ ရှေ့နေချုပ်က မြန်မာနိုင်ငံဘက်မှ ကျူးလွန်သည့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုကို ကနဦးစုံစမ်းမှုများကို ဆောင်ရွက်ပြီးနောက် တရားသူကြီးများထံ ရာဇဝတ်မှုကို အစအဆုံး စုံစမ်းခွင့်ပြုရန် လျှောက်ထားခဲ့သည်။ တရားသူကြီးများ၏ ခွင့်ပြုချက်ရရှိပါက လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှု၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် အတင်းအဓမ္မ ပြည်နှင်ဒဏ် အဓိကထား၍ စုံစမ်းစစ်ဆေးမည် ဖြစ်သည်။ 

ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ICC ကိုယ်စားလှယ်အဖွဲ့သည် သက်သေအထောက်အထားများ စုဆောင်းရန်အတွက် တစ်စုံတစ်ရာ ပြုလုပ်သွားမည် မဟုတ်ကြောင်း၊ ၎င်းတို့ စုံစမ်းစစ်ဆေးမည့် အမှုနှင့် သက်ဆိုင်သူများကို တရားရေးရာနှင့် ပတ်သက်သည်များကို ရှင်းလင်းရန်နှင့် အခြေအနေကို လေ့လာရန်သာ ဖြစ်သည်ဟု ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်ဟု ဘင်္ဂလားဒေ့ရှ်မှ ပြည်တွင်းမီဒီယာများက ရေးသား ဖော်ပြထားသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ