ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ အိန္ဒိယသို့ အလုပ်ရှာရန် သွားသည့် ရိုဟင်ဂျာလူငယ်နှစ်ဦး အိန္ဒိယနယ်စပ်တွင် ဖမ်းဆီးခံရ
ရှား Rohingya Today
နယူးဒေလီမြို့ရှိ ရိုဟင်ဂျာဒုက္ခသည်များ နေထိုင်သည့်နေရာ (ဓါတ်ပုံ - Abdul Khan)

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင် ခိုလှုံနေသည့် ရိုဟင်ဂျာလူငယ်နှစ်ဦးသည် အိန္ဒိယနိုင်ငံတွင် အလုပ်ရှာရန် သွားနေစဉ် အိန္ဒိယ - ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ တနင်္လာနေ့ (ဇူလိုင်လ ၁၅) တွင် ဖမ်းဆီးခံလိုက်ရသည်။

၎င်းတို့နှစ်ဦးအား အိန္ဒိယ - ဘင်္ဂလားဒေ့ရှ်နယ်စပ် ထရိုက်ပူရာတွင် ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့ဝင်များက ယနေ့ ပြောကြားလိုက်သည်။ 

ဖမ်းဆီးခံရသူများမှာ အသက် (၂၁) နှစ်အရွယ် မိုဟာမတ်စလင်းမ်နှင့် အသက် (၂၀) နှစ်အရွယ် ဂျဟန်ဂီရ်အလာမ်တို့ ဖြစ်ကြသည်။ ၎င်းတို့သည် အနောက်ထရိုက်ပူရာခရိုင်၊ ရာဂျ်နဂါ၌ သွားလာနေစဉ် ဒေသခံများက လူစိမ်းများဟု သံသယဖြစ်ပြီး တိုင်ကြားခြင်းကြောင့် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။ 

ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့အား ကနဦး စစ်ဆေးစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အိန္ဒိယပိုင်နက်ထဲသို့ ဝင်ရောက်၍ အလုပ်ရှာရန် လာရောက်ခြင်း ဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း ဘတာလာရဲစခန်းမှ တာဝန်ခံ ဆဟဒီဗ်ဗိုမီးခ် က ဆိုသည်။ 

၎င်းတို့နှင့် အတူ ဒုက္ခသည်ကတ်ပြားများ ပါလာပြီး ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ် စစ်တကောင်းဒေသရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ခဲ့သူများဟု ဝန်ခံခဲ့သည်။ 

၎င်းတို့အား ယနေ့ အင်္ဂါနေ့တွင် တရားရုံးထုတ်မည်ဟု အိန္ဒိယနိုင်ငံမှ My Nation သတင်းတွင် ရေးသားဖော်ပြထားသည်။

အိန္ဒိယနိုင်ငံတွင် ရိုဟင်ဂျာ (၄) သောင်းခန့် ခိုလှုံလျက်ရှိပြီး၊ နှစ်သောင်းခန့်ကို ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီ (UNHCR) က ဒုက္ခသည်အသိအမှတ်ပြုကတ်ပြားများ ထုတ်ပေးထားသည်။ သို့သော်လည်း အိန္ဒိယအစိုးရက ရိုဟင်ဂျာများကို စိစစ်ရန် ပြည်နယ်အာဏာပိုင်များကို ညွန်ကြားထားသောကြောင့် ၂၀၁၈ ခုနှစ်မှစ၍ ရာနှင့်ချီ၍ ဖမ်းဆီးခံခဲ့ရသည်။ ဖမ်းဆီးခံရသူများကို ရက်အတန်ကြာ၊ လအတန်ကြာ ချုပ်နှောင်ထားပြီး အာမခံငွေကြေးများ သွင်းခိုင်းပြီး ပြန်လွှတ်ပေးသည်များ ရှိသော်လည်း၊ ဒါဇင်ထက်မက မြန်မာနယ်စပ်သို့ ပို့ဆောင်၍ မြန်မာအာဏာပိုင်များ လက်ထဲသို့ အပ်နှံခဲ့သည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ