ICC မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် သဘောတူစာချုပ် လက်မှတ်ရေးထိုးမည်
ရှား Rohingya Today

ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှ ရိုဟင်ဂျာများကို မြန်မာနိုင်ငံမှ ပြည်နှင်ဒဏ်ပေးသည့် ရာဇဝတ်မှုကို စုံစမ်းစစ်ဆေးခွင့်ရရန် ကနဦးခုံရုံးမှ တရားသူကြီး (၃) ဦးထံ လျှောက်ထားပြီးနောက် ခွင့်ပြုချက်ရရန် စောင့်ဆိုင်းနေသည့် ကြားကာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် သဘောတူစာချုပ် လက်မှတ်ရေးထိုးမည် ဖြစ်သည်။

ယခုသီတင်းပတ် အကုန်ပိုင်းတွင် ICC မှ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ ဒါကာမြို့သို့ ရောက်ရှိမည်ဖြစ်ပြီး၊ ရိုဟင်ဂျာများကို ပြည်နှင်ဒဏ်ပေးသည့် ရာဇဝတ်မှုကို နက်နက်နဲနဲ စုံစမ်းရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရနှင့် လိုအပ်သည်များကို ဆွေးနွေးမည်ဖြစ်သည်။ 

ICC မှ ဒု-ရှေ့နေချုပ်တစ်ဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ဇူလိုင်လ (၁၆) ရက်နေ့တွင် ရောက်ရှိမည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Bangla Tribune သတင်းတစ်ရပ်တွင် ရေးသားဖော်ပြထားသည်။ 

စုံစမ်းစစ်ဆေးမှု မစတင်မီ စုံစမ်းရေးမှူးများအတွက် စုံစမ်းစစ်ဆေးစဉ် လိုအပ်သည့် ခွင့်ပြုချက်များအတွက် မဖြစ်မနေ လာရောက်ရန် လိုအပ်သောကြောင့် လာရောက် ဆွေးနွေးခြင်း ဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ်မှ အမည်မဖော်လိုသည့် အရာရှိတစ်ဦးက ဆိုသည်။

မျက်မြင်သက်သေများကို ICC မှ စုံစမ်းစစ်ဆေးပြီးနောက် ကာကွယ်ပေးရန် လိုအပ်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ထိုသို့ ကာကွယ်ပေးရန် ဥပဒေပြဌာန်းခြင်း မရှိသောကြောင့် ယင်းကဲ့သို့ ကိစ္စရပ်များကို သေချာ ဆွေးနွေးရန် လိုသည်ဟု အမည်မဖော်လိုသည့် အရာရှိက ပြောသည်။ 

လွန်ခဲ့သည့် မတ်လတွင်လည်း ရှေ့နေချုပ်၏ ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ ကနဦးစုံစမ်းရေးအတွက် သွားရောက်ခဲ့ပြီး၊ လွန်ခဲ့သည့် ရက်ပိုင်းကလည်း ဒုက္ခသည်များ၏ ဆန္ဒကိုလေ့လာရန် ဒုက္ခသည်စခန်းများသို့ (၅) ရက်တိုင်တိုင် သွားရောက်၍ ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။ 

ဇူလိုင်လ (၁၆) ရက်နေ့တွင် ရောက်ရှိမည့် ကိုယ်စားလှယ်အဖွဲ့သည် ဥပဒေရေးရာ၊ နိုင်ငံခြားရေး၊ ပြည်ထဲရေးနှင့် အခြားသော ဝန်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေးပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်သွားမည်ဟု Bangla Tribune သတင်းတွင် ရေးသားထားသည်။ 

မြန်မာနိုင်ငံသည် ရောမသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားခြင်း မရှိသောကြောင့် မြန်မာစစ်တပ်နှင့် အစိုးရက ကျူးလွန်ထားသည့် လူမျိုးတုန်းသတ်ဖြတ်မှုကို တိုက်ရိုက် တရားစွဲဆိုနိုင်ခြင်း မရှိပေ။ ထို့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့က ၎င်းတို့၏ ဗီတိုအာဏာကို အလွဲသုံးစား ပြုလုပ်၍ ရာဇဝတ်မှုကို အားပေးနေသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ICC သို့ လွှဲပြောင်းပေးရန် အခြေအနေ မရှိပေ။

သို့သော်လည်း ရိုဟင်ဂျာများကို မြန်မာနိုင်ငံမှ ရောမသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပိုင်နယ်ထဲသို့ တွန်းပို့ထားသောကြောင့် လူသားဖြစ်မှုကိုကျူးလွန်သည့် ရာဇဝတ်မှု၏ အစိတ်အပိုင်းဖြစ်သည့် အတင်းအဓမ္မပြည်နှင်ဒဏ်ကို မြန်မာစစ်တပ်နှင့် အစိုးရက ကျူးလွန်ထားသည်ဟု ICC ရှေ့နေချုပ်က လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်တွင် စွဲချက်တင်ခဲ့သည်။ 

ICC က ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင် ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်နှင့် အစိုးရတို့က ကျူးလွန်ခဲ့သည့် အတင်းအဓမ္မ ပြည်နှင်ဒဏ်ကို အဓိက စုံစမ်းစစ်ဆေးမည်ဖြစ်ပြီး၊ စုံစမ်းစစ်ဆေးစဉ် တွန်းပို့ခြင်း၏ နောက်ကွယ်မှ ရာဇဝတ်မှုများကို စုံစမ်းသွားမည် ဖြစ်သည်။ အတင်းအဓမ္မပြည်နှင်ဒဏ်မှ အပ အခြားအမှုများကို တရားစွဲဆို၍ မရနိုင်လျှင်လည်း စုံစမ်းစစ်ဆေးထားမည်ဖြစ်ပြီး၊ ထိုအမှုများဖြင့် ဆက်လက် အရေးယူနိုင်ရန်လည်း ကြိုးစားသွားမည် ဖြစ်သည်။ 

ယခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့အထိ ရိုဟင်ဂျာများဘက်မှ မိမိတို့ ကျူးလွန်ခံခဲ့ရသည်များနှင့် ပတ်သက်၍ ကိုယ်တိုင်သော်လည်း၊ ရှေ့နေကိုယ်စားလှယ်များဖြင့်သော်လည်း တရားသူကြီးများထံ ပေးပို့နိုင်မည် ဖြစ်ပြီး၊ ယင်းနေ့ နောက်ပိုင်းတွင် တရားသူကြီး (၃) ဦးက အတင်းအဓမ္မပြည်နှင်ဒဏ်မှုကို စစ်ဆေးခွင့် ရှိ/မရှိ ကို ဆုံးဖြတ်မည်ဖြစ်သည်။ စစ်ဆေးရန် ခွင့်ပြုချက်ရပါက ICC မှ တာဝန်ရှိသူများက ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများတွင် သွားရောက်၍ လပေါင်းများစွာ အများဆုံး (၃) နှစ်ထိ စုံစမ်းစစ်ဆေးမည် ဖြစ်သည်။

ICC မှ ရာဇဝတ်မှု ကျူးလွန်ရာတွင် ပါဝင်သူများကို တရားစွဲဆိုမည်ဖြစ်ပြီး၊ စုံစမ်းစစ်ဆေးပြီးပါက ရာဇဝတ်မှုကျူးလွန်သူများကို တရားရုံးသို့ ဆင့်ခေါ်မည်ဖြစ်သည်။ အကယ်၍ တရားရုံးသို့ မလာရောက်ပါက ICC ၏ ဥပဒေအတိုင်း ဖမ်းဝရမ်းထုတ်၍ တရားခံပြေးများအဖြစ် ကြေညာမည်ဖြစ်သည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ