ဗွီအိုအေမှ ရိုဟင်ဂျာဘာသာစကားဖြင့် တစ်ပတ်လျှင် ငါးရက် ထုတ်လွှင့်တော့မည်
ရှား Rohingya Today

အမေရိကန်ပြည်ထောင်စု၏ အကြီးမားဆုံး သတင်းဌာနတစ်ခုဖြစ်သည့် ဗီအိုအေ (အမေရိကန်အသံ) မှ ရိုဟင်ဂျာ ဘာသာစကားဖြင့် ဇူလိုင်လ (၂၉) ရက်နေ့မှစ၍ တစ်ပတ်လျှင် ငါးရက် (စနေ၊ တနင်္ဂနွေမှအပ) ထုတ်လွှင့်တော့မည် ဖြစ်သည်။ 

ယခုထုတ်လွှင့်မည့် ရိုဟင်ဂျာဘာသာစကားဖြင့် အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ဘင်္ဂါလီဘာသာစကားဖြင့် ထုတ်လွှင့်သည့်ဌာန၏ လက်အောက်တွင် ထားရှိမည်ဖြစ်သည်။ 

မြန်မာစံတော်ချိန် နေ့စဉ် ည ၆း၃၀ နာရီမှ ရး၀၀ နာရီထိ (ဘင်္ဂလားဒေ့ရှ် စံတော်ချိန် ညနေ ၆ နာရီမှ ၆း၃၀ နာရီထိ) မိနစ် (၃၀) ကြာ ထုတ်လွှင့်မည် ဖြစ်ပြီး၊ လှိုင်းတိုမီတာ ၇၄၆၀၊ ၉၃၁၀ ကီလိုဟာဇ်၊ ၁၁၅၆၅ ကီလိုဟာဇ် တို့မှ ဖမ်းယူနားဆင်နိုင်မည် ဖြစ်သည်။

ဗွီအိုအေ (အမေရိကန်အသံ) ကို ၁၉၄၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး၊ အမေရိကန်အစိုးရမှ ငွေကြေး ထောက်ပံ့ထားသည်။ သတင်းလွတ်လပ်ခွင့် ကန့်သတ်ထားသည့် နိုင်ငံများအတွက် ရည်ရွယ်၍ ဘာသာစကား ၄၀ ကျော်ဖြင့် ထုတ်လွှင့်လျက်ရှိသည်။

၁၉၆၁ ခုနှစ်တွင် မြန်မာအစိုးရပိုင် မြန်မာ့အသံမှ တိုင်းရင်းဘာသာစကားများ အစီအစဉ်တွင် ရိုဟင်ဂျာဘာသာစကားဖြင့် ထုတ်လွှင့်ခွင့်ရခဲ့သော်လည်း အာဏာရှင် ဦးနေဝင်း ဦးဆောင်သည့် စစ်တပ်မှ အာဏာသိမ်းပြီးနောက် ၁၉၆၅ ခုနှစ်တွင် ပိတ်ပင်ခံခဲ့ရသည်။ 

ယခုလက်ရှိတွင် သြစတြေးလျနိုင်ငံ SBS ရေဒီယိုမှ အပတ်စဉ် ရိုဟင်ဂျာဘာသာစကားဖြင့် ထုတ်လွှင့်လျက်ရှိသော်လည်း ရိုဟင်ဂျာအသိုင်းအဝိုင်းများ အကြား လူသိနည်းနေသေးသည်။ 

ရိုဟင်ဂျာအများစုက ဗွီအိုအေ မြန်မာပိုင်းမှ သတင်းများကို နားဆင်လေ့ရှိသောကြောင့် ဗွီအိုအေ ရိုဟင်ဂျာပိုင်း အစီအစဉ်သည် ရိုဟင်ဂျာလူထုကြား လူသိများလာမည်ဟု ယူဆရသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ