ကုလသမဂ္ဂ အထူးသံတမန် စစ်တွေမြို့မှ ရိုဟင်ဂျာများနှင့် တွေ့ဆုံဆွေးနွေး
အောင်ဇံဝေ Rohingya Today

စစ်တွေ ။ ။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးသံတမန် Mrs. Christine Burgener သည် ဇူလိုင်လ (၁၂) ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေမြို့မှ ရိုဟင်ဂျာများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ 

Mrs. Burgener နှင့် လူမှုဝန်ထမ်း ပြန်လည်နေရာချထားရေးနှင့် ကယ်ဆယ်ရေးဝန်ကြီးဌာနမှ ဒု-ဝန်ကြီး ဦးစိုးအောင်နှင့် အတူ စစ်တွေမြို့ သက္ကေပြင်ကျေးရွာသို့ နံနက် ၁၀း၄၅ နာရီတွင် ရောက်ရှိလာပြီး၊ သက္ကေပြင်စခန်း ကော်မီတီဝင် (၁၅) ဦးနှင့် မိနစ် (၄၀) ကြာခန့် တွေ့ဆုံဆွေးနွေးခဲ့သည်။ 

ထို့နောက် ရိုဟင်ဂျာလူမျိုး ကိုယ်စားလှယ်များနှင့် ဆက်လက်တွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် ရိုဟင်ဂျာများဘက်မှ တက်ရောက်လာသည့် ကိုယ်စားလှယ်တစ်ဦးက Mrs. Burgener သည် လွန်ခဲ့သည့်နှစ်ကလည်း ယခုနေရာသို့ လာခဲ့ကြောင်း၊ ယခုနှစ်လည်း ထပ်မံရောက်ရှိလာကြောင်း၊ တစ်နှစ်အတွင်း တိုးတက်မှုအခြေအနေကို သိလိုပါကြောင်း မေးမြန်းခဲ့ရာ၊ Mrs. Burgener က ဒုက္ခသည်စခန်းများ ပိတ်ရန် အစိုးရနှင့် ညှိနှိုင်းလျက်ရှိကြောင်း၊ ဒုက္ခသည်စခန်းများ ပိတ်နိုင်မှသာ ကျန်းမာရေး၊ ပညာရေးနှင့် လွတ်လပ်စွာ သွားလာရေးတို့ အဆင်ပြေလာမည် ဖြစ်ကြောင်း၊ အစိုးရနှင့် ညှိနှိုင်း၍ လုပ်ဆောင်နေရသဖြင့် နှေးကွေးနေသော်လည်း အစိုးရဘက်မှ အပြောင်းအလဲ အနည်းငယ်ရှိလာသည်ကို တွေ့ရကြောင်း ဖြေကြားခဲ့သည်။ 

အခြားသော ကိုယ်စားလှယ်တစ်ဦးက မိမိတို့လက်ရှိနေထိုင်သည့် ဒုက္ခသည်စခန်း အနီးတွင် အိမ်များဆောက်၍ နေရာပြောင်းရွှေ့ပေးပါက ဒုက္ခသည်စခန်းပိတ်သည်ဟု ပြော၍ ရမည် မဟုတ်ကြောင်း၊ မိမိတို့အား မိမိတို့ မူလနေထိုင်ခဲ့သည့် နေရာများတွင် ပြန်လည် အခြေချခွင့် ပေးပြီး၊ လွတ်လပ်စွာသွားလာခွင့်၊ နိုင်ငံသားပြန်လည်ဖြစ်ခွင့် တို့ကို ပေးရမည်ဖြစ်ကြောင်း၊ နှစ်ဖက်အသိုင်းအဝိုင်းအတွင်း ညှိနှိုင်းပြောဆိုရန် လိုအပ်ပါက မိမိတို့အနေဖြင့် အမြဲအသင့်ရှိနေကြောင်း တင်ပြခဲ့သည်။ 

ရိုဟင်ဂျာများ၏ ကလေးများကို မွေးစာရင်းထုတ်ပေးခြင်း မရှိကြောင်း၊ မီးမရရှိခြင်း၊ လမ်းများ ပျက်စီးယိုယွင်းနေခြင်းများနှင့် ပတ်သက်၍လည်း ကိုယ်စားလှယ် တစ်ဦးက တင်ပြခဲ့ကြောင်း သက္ကေပြင်ရွာသားတစ်ဦးက Rohingya Today သို့ပြောသည်။

Mrs. Burgener က မြေပုံမြို့နယ်ရှိ အသိုင်းအဝိုင်းများနှင့် တွေ့ဆုံစဉ် မတူညီသည့် အသိုင်းအဝိုင်းများကြား ယုံကြည်မှု တည်ဆောက်ရန် လိုအပ်နေသေးသည်ကို လေ့လာတွေ့ရှိခဲ့ရကြောင်း၊ အစိုးရအား အသိုင်းအဝိုင်းများ တွေ့ဆုံ ညှိနှိုင်းပြောဆိုနိုင်ရန်အတွက် စီစဉ်ပေးရန် တင်ပြထားသည်ဟု ဆိုသည်။ 

မွေးစာရင်းနှင့် ပတ်သက်၍ ဒု-ဝန်ကြီး ဦးစိုးအောင်က လွှတ်တော်တွင် ဆွေးနွေးရန် အစီအစဉ်ရှိပြီး၊ လွှတ်တော်၏ အဆုံးအဖြတ်အတိုင်း ဖြစ်လာမည်ဟု ပြောကြားခဲ့သည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ