စစ်တွေ သဲချောင်းမှ ရိုဟင်ဂျာများ တင်ဆောင်ပြီး မလေးရှားသို့ သွားနေသည့် စက်လှေများထဲမှ တစ်စီးကို မြန်မာရေတပ်က ဖမ်းဆီးထား
အောင်ဇံဝေ Rohingya Today
၂၀၁၈ ခုနှစ် ဧပြီလ (၃) ရက်နေ့က မလေးရှားနိုင်ငံသို့ ရောက်ရှိသွားသည့် စက်လှေတစ်စီး (ဓါတ်ပုံ - EPA-EFE)

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ သဲချောင်းမှ ရိုဟင်ဂျာများ တင်ဆောင်ပြီး မလေးရှားနိုင်ငံသို့ သွားရန် ထွက်သွားသည့် စက်လှေများထဲမှ တစ်စီးကို မြန်မာရေတပ်က ဖမ်းဆီးထားသည်။

နိုဝင်ဘာလ (၂) ရက်နေ့တွင် စစ်တွေမြို့ သဲချောင်းကမ်းခြေမှ ရိုဟင်ဂျာ ၇၀-ဦး တင်ဆောင်ပြီး မလေးရှားနိုင်ငံသို့ သွားရန် ထွက်ခွာသွားသည့် စက်လှေတစ်စီးကို မြန်မာရေတပ်က နိုဝင်ဘာလ (၉) ရက်နေ့ ညနေ ၅း၃၀ နာရီ အချိန်တွင် တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့တွင် ဖမ်းဆီးခဲ့ကြောင်း ဖမ်းဆီးခံရသည့် စက်လှေတွင် လိုက်ပါလာသူတစ်ဦးက Rohingya Today သို့ပြောပါသည်။

စစ်တွေမြို့ ဒုက္ခသည်စခန်းများရှိ အမျိုးသမီးများနှင့် ကလေးများအပါအဝင် များစွာသော ရိုဟင်ဂျာများသည် ပိတ်လှောင်ခံထားရသည့် ဘဝမှ လွတ်မြောက်ရေးအတွက် ကြုံတွေ့ရမည့် အန္တရာယ်အမျိုးမျိုးကို ဂရုမစိုက်တော့ဘဲ မလေးရှားနိုင်ငံနှင့် ရန်ကုန်မြို့များသို့ နည်းအမျိုးမျိုးဖြင့် ထွက်ခွာလျက်ရှိရာ နိုဝင်ဘာလ ပထမပတ် အတွင်း လူ ၂၂၀ ဦးခန့် တင်ဆောင်ထားသည့် စက်လှေ ၃ စီးသည် စစ်တွေမြို့ သဲချောင်းကမ်းခြေမှ မလေးရှားနိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။

နိုဝင်ဘာလ (၂) ရက်နေ့တွင် ရိုဟင်ဂျာ ၅၀-ဦး တင်ဆောင်ထားသည့် စက်လှေတစ်စီးနှင့် ရိုဟင်ဂျာ ၇၀-ဦး တင်ဆောင်ထားသည် စက်လှေတစ်စီး နိုဝင်ဘာလ (၄) ရက်နေ့တွင် ရိုဟင်ဂျာ ၁၀၀-ဦး တင်ဆောင်ထားသည့် စက်လှေတစ်စီး ထွက်ခွာသွားခဲ့ခြင်း ဖြစ်ပြီး၊ ၎င်းတို့ထဲမှ တစ်စီးကို မြန်မာရေတပ်က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

မလေးရှားသို့ စက်လှေများ ထွက်ခွာနေသည်ကို အာဏာပိုင်များက သိရှိသော်လည်း ဟန့်တားအရေးယူရမည့် အစား ပွဲစားများထံမှ လာဘ်ငွေရယူ၍ လွှတ်ပေးထားသဖြင့် ပွဲစားများက လူတစ်ဦးလျှင် ငွေကျပ် ၅ သိန်းနှုန်းဖြင့် ပေါ်ပေါ်တင်တင် စုဆောင်းလျက်ရှိသည်ဟု သဲချောင်းရွာသားတစ်ဦးက ပြောပါသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ