မောင်တော မြင်းလွတ်တွင် သောင်တင်သည့် စက်လှေမှ ရိုဟင်ဂျာဒုက္ခသည်များကို မူလနေရပ်သို့ ပြန်ပို့မည်
အေးဇော် Rohingya Today
မောင်တော မြင်းလွတ်တွင် သောင်တင်ခဲ့သည့် စက်လှေပေါ်တွင် လိုက်ပါလာသူအချို့

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွတ် ကမ်းခြေတွင် သောင်တင်လာသည့် စက်လှေမှ ရိုဟင်ဂျာများကို ၎င်းတို့၏ မူလနေရပ်များသို့ ပို့ဆောင်လိုက်သည်။ 

ဇူလိုင်လ (၇) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွတ် ကမ်းခြေတွင် ရိုဟင်ဂျာ (၆၆) ဦး တင်ဆောင်လာသည့် စက်လှေတစ်စီး သောင်တင်နေသည်ကို နယ်ခြားစောင့်ရဲများက တွေ့ရှိခဲ့သဖြင့် နယ်ခြားစောင့်ရဲများက စက်လှေပေါ်မှ လူများကို ကမ်းပေါ်တင်၍ စစ်ဆေးခဲ့သည်။ စစ်ဆေးစဉ် အမျိုးသားတစ်ဦးထံမှ ပစ္စတိုသေနတ်တစ်လက် တွေ့ရှိခဲ့သည်ဟု အာဏာပိုင်များ၏ ပြောကြားချက်များအရ သိရသည်။ 

နယ်ခြားစောင့်ရဲများက ဌာနဆိုင်ရာအသီးသီးသို့ သတင်းပို့ပြီးနောက် စက်လှေပေါ်တွင် လိုက်လာပါသူများကို မြင်းလွတ်ရွာတွင် အစာရေစာ ကျွေးမွေးပြီး တစ်ညထားခဲ့သည်ဟု မြို့ခံတစ်ဦးက Rohingya Today သို့ပြောသည်။ 

ဇူလိုင်လ (၈) ရက်နေ့တွင် မောင်တောခရိုင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စ.စ.စ၊ စ.ရ.ဖ၊ ရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ အစရှိသည့် ဌာနပေါင်းစုံမှ ဝန်ထမ်းများ သွားရောက်၍ (၆၆) ဦးမှ ပစ္စတိုသေနတ် လက်ဝယ်ရရှိခဲ့သူနှင့် အခြား လူကုန်ကူးသူဟု ယူဆရသူ အမျိုးသား (၃) ဦးတို့ကို တရားစွဲဆိုမည်ဟု ပြောဆို၍ ဖမ်းဆီးသွားပြီး၊ ကျန်ရှိသူများကို လှဖိုးခေါင်ကျေးရွာတွင် အုန်းပင်၊ သုံးထပ်သား၊ ငါးထပ်သားများနှင့် ဆောက်လုပ်ထားသည့် ယာယီစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ 

စက်လှေပေါ်တွင် အမျိုးသမီး (၄၄) ဦးပါရှိပြီး အများစုမှာ အပျိုအရွယ်များ ဖြစ်ကြသည်။ ကလေးနှင့် အမျိုးသား ၂၂ ဦးဖြစ်သည်။ စစ်တွေမြို့မှ ရိုဟင်ဂျာ (၂၂) ဦးနှင့် ကျန်သည့်လူများမှာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာများ ဖြစ်ကြသည်။ 

စစ်တွေမြို့မှ ရိုဟင်ဂျာ (၂၂) ဦးကို NVC များ ထုတ်ပေးပြီး စစ်တွေမြို့သို့ ပြန်လည် ပို့ဆောင်လိုက်ပြီး၊ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များကို စီစစ်၍ ၎င်းတို့၏ မူရင်းနေရပ်များသို့ ပြန်လည် ပို့ဆောင်မည်ဖြစ်ပြီး၊ ကျေးရွာမီးရှို့ခံရသူများကို ၎င်းတို့ နေထိုင်ချင်သည့် ကျေးရွာ (သို့မဟုတ်) ဆွေမျိုးသားချင်းများ ထံသို့ ပို့ဆောင်ပေးမည်ဟု သိရသည်။ 

ဖမ်းဆီးထားသူ (၄) ဦးကို လေးမိုင်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ရင်းတွင် ထိန်းသိမ်းထားသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ