ဘူးသီးတောင် စိမ်းညှင်းပြာမှ ရိုဟင်ဂျာလယ်သမားတစ်ဦး အသတ်ခံရ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စိမ်းညှင်းပြာကျေးရွာအုပ်စု၊ ဒိုင်းနက်ပြင်ရွာမှ ရိုဟင်ဂျာလယ်သမားတစ်ဦးသည် ၎င်း၏ လယ်ယာမြေတွင် လယ်ထွန်ပြီး ညနေပိုင်း အိမ်သို့ ပြန်နေစဉ် လမ်းခုလတ်တွင် အသတ်ခံခဲ့ရသည်။

ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်းနယ်မြေအပိုင်၊ စိမ်းညှင်းပြာကျေးရွာအုပ်စု၊ ဒိုင်းနက်ပြင်ရွာမှ ဦးမိုဟာမတ်အီဆက် (အသက် ၅၀ နှစ်) သည် ဇူလိုင်လ (၁၀) ရက်နေ့ နံနက်ပိုင်းတွင် ဖိုးခေါင်ချောင်းကျေးရွာရှိ ၎င်း၏ လယ်ယာမြေသို့ လယ်ထွန်ရန် ထွက်ခွာသွားခဲ့သည်။ ယင်းနေ့ ညနေပိုင်း အိမ်သို့ ပြန်ရောက်ရမည့် အချိန်တွင် ပြန်ရောက်မလာသဖြင့် မိသားစုဝင်များက ယနေ့ ဇူလိုင်လ (၁၁) ရက်နေ့ နံနက်ပိုင်းတွင် ၎င်းသွားတတ်သည့် လမ်းအတိုင်း လိုက်ရှာရာ လမ်းခုလတ်တွင် ၎င်း၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။ 

ဦးမိုဟာမတ်အီဆက်၏ ရုပ်အလောင်းကို ငှက်ပျောချောင်းကျေးရွာ (ရခိုင်ရွာ) အနီး ဂူတာပြင်ကျေးရွာအပိုင် ချောင်းကူးတံတားအနီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ဝမ်းဗိုက်ပေါက်ထွက်နေပြီး၊ အလောင်းကို ခွေး (သို့မဟုတ်) အခြားသောတိရစ္ဆာန်တစ်မျိုးမျိုးက ကိုက်စားခဲ့ဟန်ရှိသည်ဟု မျက်မြင်သက်သေများက Rohingya Today သို့ပြောသည်။ မျက်နှာတွင် ဒဏ်ရာအများအပြားရှိပြီး၊ အဝတ်အစားများနှင့် ထီးကို အလောင်းနှင့် မနီးမဝေး လမ်းဘေးတစ်နေရာတွင် တွေ့ရှိခဲ့သည်ဟု မျက်မြင်သက်သေများက ပြောပါသည်။

မိသားစုဝင်များက အလောင်းကို တွေ့ရှိပြီးနောက် ညောင်ချောင်း နယ်မြေ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းသို့ သတင်းပို့ တိုင်ကြားခဲ့ရာ နယ်ခြားစောင့်ရဲ (၄) ဦး ရောက်ရှိလာပြီး အလောင်းကို ဓါတ်ပုံရိုက် မှတ်တမ်းယူခဲ့သည်။ ထို့နောက် နယ်ခြားစောင့်ရဲများက အလောင်းကို ဘူးသီးတောင်ဆေးရုံသို့ ပို့ရန် မှာကြားသဖြင့် မိသားစုဝင်များက အလောင်းကို ဘူးသီးတောင် ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ 

ညနေ (၄) နာရီခန့်တွင် ဆေးရုံက အလောင်းကို ခွဲစိတ်စစ်ဆေးပြီး ပြန်ထုတ်ပေးသဖြင့် မိသားစုဝင်များက ဇာတိရွာ စိမ်းညှင်းပြားရွာသို့ သယ်ဆောင်သွားပြီး မြေမြှပ်သဂြိုလ်လိုက်ကြောင်း သိရသည်။ 

ဦးမိုဟာမတ်အီဆက် ကို မည်သူမည်ဝါ သတ်ဖြတ်ခဲ့သည်ကို အတိအကျ မသိရပေ။ 

၎င်း၏ လယ်ယာမြေရှိရာ ဖိုးခေါင်ချောင်းမှ စိမ်းညှင်းပြာကျေးရွာသို့ ပြန်လာရန် ငှက်ပျောချောင်း (ရခိုင်ရွာ) ကို ဖြတ်၍ လာရသည်။ စိမ်းညှင်းပြာကျေးရွာနှင့် ဖိုးခေါင်ချောင်းကျေးရွာကြားတွင် ချောင်းတစ်ခု ရှိပြီး၊ ၎င်းသည် ချောင်းကို ကူး၍ ၎င်း၏ လယ်ယာမြေရှိရာသို့ သွားလာတတ်သည်။ ချောင်းကို မကူးဖြတ်ချင်သည့်အခါ ဂူတာပြင်နှင့် ငှက်ပျောချောင်း (ရခိုင်ရွာ) တို့ကို ဖြတ်၍ သွားတတ်သည်။ 

ယခု အလောင်းတွေ့ရှိခဲ့ပုံအရ ဦးမိုဟာမတ်အီဆက် ကို တစ်နေရာရာတွင် သတ်ဖြတ်ပြီးနောက် အလောင်းကို ချောင်းကူးတံတားအနီး လာရောက် ပစ်ထားခဲ့ခြင်း ဖြစ်နိုင်သည်ဟု မျက်မြင်သက်သေများက သုံးသပ် ပြောဆိုသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ