မောင်တော ရွှေဇားမှ လူသတ်မှု ကျူးလွန်သူဟု ယူဆရသူကို ရဲတပ်ဖွဲ့က လာဘ်ငွေယူ၍ နေ့ချင်းပြန်လွှတ်ပေး
၀င်းမင်းစိုး Rohingya Today
မောင်တောမြို့မှ နာရီစင်

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စု အနောက်ရွာမှ လူသတ်မှုကျူးလွန်သူဟု ယူဆရသူကို ရဲတပ်ဖွဲ့က လာဘ်ငွေယူ၍ နေ့ချင်းပြန်လည် လွှတ်ပေးခဲ့သည်။ 

မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာအုပ်စု အနောက်ရွာ (ဒိလ်ဖာရာ) မှ ဦးရော်ရှိတ်ဆိုသူကို WY King ဟု လူသိများပြီး၊ ၎င်းယောက်ဖ တော်စပ်သူ လာလ်ဘုရ်ဂျား (အမည်ရင်းမသိ) (ဘ) ဦးအီနုစ် သည် WY စိတ်ကြွဆေးပြားများ သယ်ယူပို့ဆောင်ပေးနေသူ တစ်ဦးဖြစ်သည့်အပြင် မူးယစ်ဆေးဝါးမျိုးစုံ သုံးစွဲနေသူတစ်ဦးလည်း ဖြစ်သည်။ ၎င်းသည် ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် မြို့မတောင်ရပ်ကွက်အုပ်စု၊ ဗိုလ်မှူးရွာမှ ဦးဒိလ်မာမတ်၏ သမီး မကိုင်ဆဲရ်ဘီဘီနှင့် လက်ထပ်ထိမ်းမြားခဲ့ပြီး၊ ကလေးတစ်ဦး ထွန်းကားခဲ့သည်။ 

၎င်းသည် မူးယစ်ဆေးဝါး သုံးစွဲနေသူတစ်ဦး ဖြစ်သောကြောင့် ဇနီးသည်ကို အမျိုးမျိုး စွပ်စွဲရန်ရှာခြင်း၊ စော်ကားခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်၍ ညှဉ်းပန်းနှိပ်စက်နေသူ ဖြစ်သည်။ 

ဇွန်လ (၁၃) ရက်နေ့ နေ့လည်ပိုင်းတွင် ၎င်းထံ၌ မူးယစ်ဆေးဝါးသုံးစွဲရန် ငွေမရှိသဖြင့် ဇနီးဖြစ်သူ မကိုင်ဆဲရ်ဘီဘီ ထံမှ ရွှေတောင်းခံခဲ့ရာ မပေးသဖြင့် ဇနီးသည်ကို ရိုက်နှက်၍ ထွက်သွားခဲ့သည်။ ည (၇) နာရီအချိန်တွင် နေအိမ်သို့ ပြန်လာပြီး ဇနီးသည်၏ လည်ပင်မှ တစ်ကျပ်သားခန့်ရှိသည့် ဆွဲကြိုးကို အတင်းအဓမ္မ ဖြုတ်ယူ လုယက်၍ တစ်ဖန် ပြန်လည် ထွက်သွားခဲ့သည်။ မူးယစ်ဆေးဝါးများ သုံးစွဲပြီးနောက် ည (၁၂) နာရီအချိန်တွင် နေအိမ်သို့ ပြန်လည် ရောက်ရှိလာပြီး ဇနီးသည်နှင့် စကားများကာ ဇနီးသည်ကို ရိုက်နှက်ခဲ့သည်။ ဖြစ်စဉ်များအားလုံးကို အိမ်နီးချင်းများဖြစ်သည့် WY King ဦးရော်ရှိတ်နှင့် မိသားစုဝင်များ၊ အခြားသော အိမ်နီးချင်းများက ကြားသိခဲ့ကြသည်။ လာလ်ဘုရ်ဂျားတို့ ဇနီးမောင်နှံ နှစ်ဦး ခဏကြာ စကားများပြီးနောက် ငြိမ်သက်သွားခဲ့သည်။ 

နံနက် (၄) နာရီခန့် အချိန်တွင် လာလ်ဘုရ်ဂျား၏ နှစ်လသား အရွယ် ကလေးငယ်က အချိန်အတန်ကြာ ငိုကြွေးနေသဖြင့် ဦးရော်ရှိတ်တို့ ဇနီးမောင်နှံက မနေနိုင်တော့ဘဲ သွားရောက်ကြည့်ရှုရာ၊ လာလ်ဘုရ်ဂျားက တံခါးဖွင့်ပေးခဲ့သည်။ ၎င်းတို့နှစ်ဦး အိပ်ခန်းထဲသို့ ဝင်ကြည့်ရာ မကိုင်ဆဲရ်ဘီဘီသည် လည်ပင်း၌ ကြိုးချိတ်လျက် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။ 

ယင်းအိမ်တွင် လာလ်ဘုရ်ဂျားတို့ ဇနီးမောင်နှံ နှစ်ဦးတည်းသာ နေထိုင်ပြီး အခြားမည်သူမှ မရှိသဖြင့် ခင်ပွန်းဖြစ်သူက မူးယစ်နေစဉ် ကြိုးကွင်းစွပ်ပြီး ချိတ်၍ သတ်ပစ်သည်လား၊ ဇနီးသည်ဖြစ်သူ ခင်ပွန်းဖြစ်သူ၏ ရက်စက်မှုကို သည်းမခံနိုင်တော့၍ မိမိကိုယ်မိမိ အဆုံးစီရင်ခံသည်လားဆိုသည်ကို မသိရှိရသော်လည်း၊ အများစုက ခင်ပွန်းဖြစ်သူက မူးယစ်နေစဉ် ကြိုးကွင်းစွပ်၍ သတ်ပစ်သည်ဟု သုံးသပ်နေကြသည်။ 

နံနက်မိုးလင်းသည်နှင့် မကိုင်ဆဲရ်ဘီဘီ သေဆုံးနေသည့်သတင်းသည် တစ်ရွာလုံး ပြန့်နှံ့သွားပြီး၊ ထိုမှတဆင့် တစ်မြို့နယ်လုံး ပြန့်နှံ့သွားခဲ့သည်။ သတင်းများကြောင့် နံနက်အစောပိုင်းတွင် ရွှေဇာတံတားစခန်းမှ နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး လာလ်ဘုရ်ဂျားကို ဖမ်းဆီးခေါ်ဆောင်သွားပြီး မြို့မရဲစခန်းသို့ အပ်နှံခဲ့သည်။ 

ရဲတပ်ဖွဲ့၏ အမိန့်အရ မကိုင်ဆဲရ်ဘီဘီ၏ ရုပ်အလောင်းကို မောင်တောဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။ အလောင်းကို ဆေးရုံတွင် စစ်ဆေးစဉ် ဦးခေါင်းတွင် သွေးထွက်နေသော ဒဏ်ရာတွေ့ရှိခဲ့သည်ဟု ဆရာဝန်က ပြောဆိုသောကြောင့် WY King ဦးရော်ရှိတ် က ငွေကျပ် သိန်း ၄၀ ပေး၍ ဆေးစစ်မှတ်တမ်း ပြင်ခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

ထို့နောက် မွန်းလွဲပိုင်းတွင် အလောင်းကို ဆေးရုံမှ ထုတ်ပေးစဉ် သေဆုံးသူ မကိုင်ဆဲရ်ဘီဘီ၏ ဖခင်ဖြစ်သူ ဦးဒိလ်မာမတ် က ၎င်း၏ နေအိမ်သို့ သယ်ဆောင်သွားချင်သော်လည်း ဦးရော်ရှိတ်က ငွေအားပြ၍ အလောင်းကို ဖခင်ထံသို့ မအပ်ဘဲ၊ ၎င်းကိုယ်တိုင် ယူဆောင်သွားပြီး ညနေပိုင်းတွင် ရွှေဇား သင်္ချိုင်း၌ သဂြိုဟ်ခဲ့သည်။ 

WY King ဖြစ်သူ ဦးရော်ရှိတ်သည် စိတ်ကြွဆေးပြားလုပ်ငန်းဖြင့် ငွေကြေး မတရား ချမ်းသာသူဖြစ်သောကြောင့် ဒေသတွင်း သြဇာအာဏာ ရှိသူတစ်ဦးဖြစ်သည်။ ၎င်းသည် ရွှေဇား တံတားစခန်းနှင့် မြို့မရဲစခန်းကို ငွေကျပ် သိန်း ၁၀၀ ပေးပြီး ယောက်ဖ တော်စပ်သူ လာလ်ဘုရ်ဂျား ကို နေ့ချင်း ပြန်လည် ထုတ်ယူလာခဲ့သည်။ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် မြို့မရဲစခန်းမှ တာဝန်ရှိသူများက လူသတ်မှု ကျူးလွန်ထားသူဟု ယူဆရသူကို စစ်ဆေးမေးမြန်းခြင်းပင် မပြုလုပ်ဘဲ လာဘ်ငွေယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။ 

မောင်တောမြို့နယ်သည် WY စိတ်ကြွဆေးပြား စင်တာ တစ်ခုကဲ့သို့ ဖြစ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်လာပြီ ဖြစ်သော်လည်း ဒေသဆိုင်ရာ အာဏာပိုင်များက တိုက်ဖျက်ရေး လုပ်ငန်းကို လုပ်ဆောင်ခြင်း လုံး၀ မပြုလုပ်ဘဲ၊ လုပ်ငန်းလုပ်ကိုင်နေသူများထံမှ လာဘ်များယူကာ လုပ်ငန်းကို လုံခြုံရေးပါ ပေးနေသဖြင့် လုပ်ငန်းလုပ်ကိုင်သူများသည် အာဏာပိုင်များထက်ပင် ပိုမို၍ သြဇာရှိသူများ ဖြစ်လာပြီး၊ ဒေသခံအများစုက ၎င်းတို့ကို ကြောက်ရွံနေကြရသည်။ 

ယခု လူသတ်မှုဟု ယူဆရသည့် အမှုတွင် ဆေးရုံမှ လာဘ်စား၍ ဆေးမှတ်တမ်းကို အမှန်အတိုင်း မထုတ်ပေးခြင်း၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့တို့က လာဘ်စား၍ တရားခံဟု ယူဆရသူကို နေ့ချင်း ပြန်လည် လွှတ်ပေးခြင်းတို့သည် တရားဥပဒေစိုးမိုးမှု မရှိခြင်း၏ သက်သေပင် ဖြစ်သည်။ 

ဒေသခံများက ယခုအမှုကို နေပြည်တော်မှ ကိုင်တွယ်၍ ဖြေရှင်းပေးရန် အထူး လိုလားနေကြပြီး၊ WY စိတ်ကြွဆေးပြား လုပ်ငန်းကြောင့် လူငယ်ပေါင်းများစွာ၏ ဘဝပျက်နေရသောကြောင့် အမြစ်ပြတ် တိုက်ဖျက်ပေးပါရန်လည်း တောင်းဆိုသည်ဟု ပြောပါသည်။ 

ရိုဟင်ဂျာများကို စစ်တွေနှင့် ရန်ကုန်မြို့များသို့ သွားခွင့်မပေးသောကြောင့် ရန်ကုန်နှင့် စစ်တွေမှာ WY စိတ်ကြွဆေးပြားများ သယ်ယူလာနိုင်ရန် နည်းလမ်း လုံး၀ မရှိပေ။ ဌာနဆိုင်ရာများမှ အရာရှိများ၊ အခြားလူမျိုးများက မောင်တောမြို့ထိ သယ်ဆောင်လာပြီး မောင်တောမြို့ရှိ ဒေသခံများနှင့် အစုရှယ်ယာ လုပ်ကိုင်နေကြသည်။ အများစုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ပြီး၊ ဒေသတွင်းလည်း ရောင်းချကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ