မောင်တော မြို့မကညင်တန်း၌ နယ်ထိန်းတစ်ဦးက သေနတ်ပစ်ပေါက်၍ ပြဿနာဖန်တီးရန် ကြိုးစား
အေးဇော် Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မကညင်တန်းကျေးရွာ၌ မြို့မရဲစခန်းမှ နယ်ထိန်းတပ်သားတစ်ဦးက သေနတ်ပစ်ဖောက်၍ ပြဿနာ ဖန်တီးရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ၊ ဖမ်းဆီးခံထားရသည်။ 

ဇွန်လ (၁၄) ရက်နေ့ ည (၉) နာရီခန့်တွင် ရဲယူနီဖောင်း ဝတ်ဆင်ပြီး လက်နက်ကိုင်ဆောင်ထားသူ တစ်ဦးသည် ဆိုင်ကယ်စီး၍ မြို့မကညင်တန်းကျေးရွာ ဈေးအရှေ့ဘက်သို့ ရောက်ရှိလာပြီး လမ်းမပေါ်တွင် ရပ်၍ သေနတ်တစ်ချက် ပစ်ဖောက်ပြီး ချက်ချင်း ဆိုင်ကယ်စီး၍ ထွက်ပြေးသွားခဲ့သည်။ 

သေနတ်ပစ်ဖောက်သွားသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ရွာသားတစ်ဦးက “အဲဒီလူ ဆိုင်ကယ်စီးလာပြီး သေနတ်ပစ်ဖောက်သွားတာကို ဈေးက လူတွေတော်တော်များများ မြင်လိုက်တယ်။ ဌာနဆိုင်ရာတွေက ဒီလို ပစ်သွားတာ သိ၊ မသိ ဆိုတာကိုတော့ ကျွန်တော်တို့ မသိဘူး။ ကျွန်တော်တို့ စိုးရိမ်ခဲ့တာက ဌာနဆိုင်ရာတွေ လာပြီး မင်းတို့ရွာမှ သေနတ်ပစ်သံကြားရတယ် ဘာညာပြောပြီး ရွာသားတွေကို ဒုက္ခပေးမှာကိုပဲ။ အဲဒီလူက ဘယ်လို ရည်ရွယ်ချက်နဲ့ သေနတ်ပစ်ဖောက်တယ်ဆိုတာ မသိရပေမယ့် အာဏာပိုင်တွေက သေနတ်သံ အကြောင်းပြပြီး ရွာသားတွေကို နှိပ်စက်ဖို့ ပြဿနာဖန်တီးပေးတယ်လို့ သုံးသပ်မိတယ်” ဟု Rohingya Today သို့ပြောသည်။ 

သေနတ်ပစ်ဖောက်မှု ဖြစ်ပွားပြီးသည်နှင့် မြို့မကညင်တန်းကျေးရွာမှ ရပ်မိရပ်ဖများက ဌာနဆိုင်ရာများကို ဖုန်းဆက်တိုင်ကြားခဲ့သည်။ မြို့နယ်ရဲတပ်ဖွဲ့၊ ခရိုင်နှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့က စုံစမ်းပြီးနောက် ည ၁၀ နာရီခန့်တွင် သေနတ်ပစ်ဖောက်သူကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ 

သေနတ်ပစ်ဖောက်သူသည် မောင်တောမြို့နယ် မြို့မရဲစခန်း နယ်ထိန်းအဖွဲ့မှ တပ်သားတစ်ဦး ဖြစ်ပြီး၊ ၎င်းကို မြို့မရဲစခန်း၌ ထိန်းသိမ်းထားသည်ဟု ဒေသခံများက ဆိုကြသည်။ 

“သူက သေနတ်ပစ်ဖောက်ပြီး ပုန်းနေမယ်၊ အဲဒီနောက်မှာ စစ်သားတွေ၊ ရဲတွေက ရွာထဲကို ဝင်လာပြီး ဒီရွာမှ သေနတ်သံကြားရတယ်။ ဒီရွာမှာ အကြမ်းဖက်သမားတွေရှိတယ်ဆိုပြီး ရွာကို ဝင်စီးမယ်၊ ရှင်းလင်းမယ်၊ အဲဒီလို ဖြစ်အောင် ဖန်တီးတာ ဖြစ်နိုင်တယ်။ သူ့ရဲ့နောက်မှာ ကြိုးကိုင်နေသူတွေ ရှိနိုင်တယ်လို့ ယူဆရတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ