ရိုဟင်ဂျာများ နေရပ်ပြန်ရေးနှင့် ပတ်သက်ပြီး မြန်မာအစိုးရက လိမ်ညာနေသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ပြော
ယျာတင် (ရိုဟင်းသား) Rohingya Today
ဗုဒ္ဓဟူးနေ့က သံတမန်များ၊ မီဒီယာများနှင့် တွေ့ဆုံ၍ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓါတ်ပုံ - bdnews24.com)

လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ သတင်းမီဒီယာများကို ရှင်းလင်းပွဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်က “ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာတွေရဲ့ နေရပ်ပြန်ရေးကိစ္စ အကောင်အထည်ဖော်ရေးမှာ အဆင်သင့်ရှိနေပေမယ့်လည်း နှောင့်နှေးကြန့်ကြာနေတာက ဘင်္ဂလားဒေ့ရှ်အစိုးရမှာ တာဝန်ရှိတယ်ဆိုပြီး မြန်မာအစိုးရ လွှဲချနေတယ်” လို့ ပြောကြားခဲ့ပါတယ်။ 

ရခိုင်ပြည်နယ်မှာ မြန်မာအစိုးရက ရိုဟင်ဂျာတွေကို နှိမ်နင်းရေး စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့ပြီးနောက် ၂၀၁၇ သြဂုတ်လ နောက်ပိုင်းမှာ ရိုဟင်ဂျာ (၇) သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံနေကြရတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်ကစပြီး ရိုဟင်ဂျာ (၄) သိန်းကျော် ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေရပါတယ်။

မြန်မာအစိုရးက နိုင်ငံတကာရဲ့ ဖိအားကို မခံနိုင်တဲ့နောက် ရိုဟင်ဂျာတွေကို ပြန်လည် လက်ခံမယ်ဆိုပြီး သဘောတူ လက်မှတ်ရေးထိုးပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှာ စတင်ခဲ့ပါတယ်။ 

မြန်မာနိုင်ငံရဲ့ ဆိုးရွားလွန်တဲ့ အခြေအနေကို စိုးရိမ်ပြီး နေရပ်ပြန်ရေးကို ရိုဟင်ဂျာတွေက ငြင်းဆန်နေခဲ့တဲ့နောက် သဘောတူညီထားတဲ့ လုပ်ငန်းစဉ်တွေကို ဆိုင်းငံ့ထားခဲ့ရတယ်။ 

ဂျပန်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ “အာရှတိုက်ရဲ့ အနာဂတ်” ညီလာခံမှာ မြန်မာနိုင်ငံက ဝန်ကြီးတစ်ဦးက ရိုဟင်ဂျာအရေး ဖြေရှင်းရေးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလို့ ပြစ်တင်ပြောဆိုခဲ့ပါတယ်။ 

အဲဒါတွေကြောင့် ဗုဒ္ဓဟူးနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်က နိုင်ငံတကာသံတမန်တွေနဲ့ မီဒီယာတွေကို ဖိတ်ကြားပြီး ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ သဘောထားကို ရှင်းပြခြင်း ဖြစ်ပါတယ်။ 

အဲဒီရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီး မိုမန်က မြန်မာအစိုးရကို “ဗြောင်ကျတဲ့ လိမ်ညာမျိုးနဲ့ အရှက်ကင်းမဲ့စွာ ဝါဒဖြန့်နေတယ်၊ ကတိမတည်ဘူး” ဆိုပြီး ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန် ပြောဆိုခဲ့တယ်။ 

“ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအတွက် ကောင်းမွန်တဲ့ အခြေအနေတစ်ခုကို မြန်မာအစိုးရ က ဖန်တီးလိမ့်မယ်လို့ ကျွန်တော်တို့ ထင်ခဲ့တယ်။ (ရိုဟင်ဂျာတွေ ဖျက်ဆီးခံခဲ့ရတဲ့) ကျေးရွာပေါင်း ၈၀၀ ကနေ ရွာနှစ်ရွာကိုသာ သူတို့ ပြန်လည် တည်ဆောက်ခဲ့တယ်။ အဲဒီရွာနှစ်ရွာကို ပြပြီး ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေ နေထိုင်နိုင်ရေး ကောင်းမွန်တဲ့ အခြေအနေ ဖန်တီးထားတယ်၊ ပြဿနာအားလုံး ဖြေရှင်းထားပြီးပြီ ဆိုပြီး မြန်မာအစိုးရက ပြောနေတယ်” လို့ မိုမန်က ဆိုပါတယ်။ 

မိုမန်ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ဒီ ရိုဟင်ဂျာအရေးကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ အဖြေတစ်ခုရအောင် ဆောင်ရွက်ချင်တာပါလို့ပြောပြီး၊ “သူတို့က ကျွန်တော်တို့ရဲ့ အိမ်နီးချင်း ဖြစ်တယ်” လို့ဆိုတယ်။

“ရိုဟင်ဂျာအရေးကို ဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံတကာက မြန်မာအစိုးရကို ဆက်လက်ဖိအားပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက တိုက်တွန်းခဲ့တယ်” လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ UNDP ဌာနေကိုယ်စားလှယ် Sudipto Mukerjee က မီဒီယာများကို ပြောပြတယ်။

“ကျွန်တော်တို့ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အတူ ရပ်တည်နေပါတယ်” လို့ Sudipto Mukerjee က ဆိုတယ်။ 

အဆိုပါ ရှင်းလင်းပွဲကို အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ အိန္ဒိယ၊ ကနေဒါ၊ နော်ဝေ၊ ဆွဇ်ဇာလန်၊ ဆွီဒင်၊ ဘရာဇီးလ် နိုင်ငံတွေက သံတမန်တွေ၊ ဥရောပသမဂ္ဂက ကိုယ်စားလှယ်တွေနဲ့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ bdnews24.com တွင် ရေးသားထားသည့် သတင်းကို မှီငြမ်း၍ ရေးသားထားသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ