မောင်တော ငန်းချောင်းမှ ရိုဟင်ဂျာ မိန်းကလေးငယ်တစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရ
မင်းနိုင်ဦး Rohingya Today

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ငန်းချောင်းကျေးရွာမှ အသက် (၁၁) နှစ်အရွယ် ရိုဟင်ဂျာမိန်းကလေးတစ်ဦး ဇွန်လ (၁၁) ရက်နေ့ ညနေပိုင်းတွင် ပျောက်ဆုံးသွားခဲ့ပြီး၊ ဇွန်လ (၁၂) ရက်နေ့ နံနက်ပိုင်းတွင် မုဒိမ်းကျင့် သတ်ဖြတ်ခံထားရသည့် ၎င်း၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ရသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း၊ ငန်းချောင်းမြောက်ရွာမှ ဦးနူရ်ဘော်ရှော်ရ် (ကွယ်လွန်) နှင့် ဒေါ်ဇာဟီဒါ တို့၏ သမီး မဆော်မိရာ (အသက် ၁၁ နှစ်) သည် ဇွန်လ (၁၁) ရက်နေ့ (အင်္ဂါနေ့) ညနေ ၄ နာရီကျော်တွင် စားကျက်တွင် ကျက်စားရန် လွှတ်ထားသည့် ဆိတ်များကို ရှာဖွေပြီး ပြန်ခေါ်လာရန် သွားရောက်ခဲ့ရာ၊ ဆိတ်များ အိမ်သို့ ပြန်လည် ရောက်ရှိလာခဲ့သော်လည်း နေဝင်သည့် အချိန်ထိ မဆော်မိရာ ပြန်လည် ရောက်ရှိခဲ့ခြင်း မရှိခဲ့ပေ။ ၎င်းပြန်လည် ရောက်ရှိလာခြင်း မရှိသဖြင့် မိသားစုဝင်များက လိုက်လံရှာဖွေခဲ့သည်။ မတွေ့ရှိသောကြောင့် ရေကျော်တံတားရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ တိုင်တန်းပြီး၊ နယ်ခြားစောင့်ရဲများနှင့် အတူ ရွာထဲရွာပြင်၊ လယ်ကွင်း၊ ချုံပုတ်၊ တောင်ကုန်း စသည့် နေရာအနှံ့တွင် ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ပေ။ 

ယနေ့ ဇွန်လ (၁၂) ရက်နေ့ (ဗုဒ္ဓဟူးနေ့) နံနက် အာရုဏ်တက်ချိန်တွင်မှ စ၍ ထပ်မံရှာဖွေကြရာ နံနက် ၇ နာရီခန့်တွင် ငန်းချောင်းမြောက်ရွာ၏ တောင်ဘက် တောင်ကုန်းနှင့် မနီးမဝေး မိန်းကလေးငယ်၏ အိမ်နှင့် ပေ ၅၀၀ ခန့်အကွာရှိ ချုံပုတ်ထဲတွင် ၎င်း၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ထို့နောက် ငန်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ငန်းချောင်းကျေးရွာနှင့် ကြက်ရိုးပြင်ကျေးရွာကြား ရေကျော်တံတားရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ အကြောင်းကြားခဲ့သည်။ နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး အလောင်းကို ဓါတ်ပုံများ ရိုက်ကူး၍ အကြောင်းစုံ မေးမြန်း၍ မှတ်တမ်းယူခဲ့သည်။ နယ်ခြားစောင့်ရဲများ မှတ်တမ်းယူနေစဉ် န.ခ.ခ (၆) မှ တပ်ဖွဲ့ဝင်နှစ်ဦးလည်း လာရောက်၍ ဓါတ်ပုံ ရိုက်ယူခဲ့သည်။ 

နယ်ခြားစောင့်ရဲများက ရုပ်အလောင်းကို မောင်တောဆေးရုံသို့ ယူဆောင်သွားရန် အမိန့်ပေးသောကြောင့် ရွာသားများက ရုပ်အလောင်းကို မောင်တောဆေးရုံသို့ ယူဆောင်သွားခဲ့သည်။ နယ်ခြားစောင့်ရဲများလည်း မောင်တောဆေးရုံသို့ အတူလိုက်ပါသွားခဲ့သည်။ 

နေ့လည်ပိုင်းတွင် အလောင်းကို မောင်တောဆေးရုံတွင် ခွဲစိတ်စစ်ဆေးပြီး ညနေပိုင်းတွင် မိသားစုထံ ပြန်လည် အပ်နှံခဲ့သည်။ မိသားစုဝင်များက နေအိမ်သို့ သယ်ဆောင်သွားပြီးနောက် ည ၈ နာရီခန့်တွင် အစ္စလာမ် တရားတော်နှင့် အညီ မြေမြှပ်သဂြိုလ်လိုက်သည်။ 

မဆော်မိရာ ဆိတ်ရှာရန် နေအိမ်မှ ထွက်ခွာသွားချိန်တွင် ကြက်ရိုးပြင် လမ်းဝတွင် အခြေစိုက်ထားသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ခွဲ (၆) မှ တပ်ဖွဲ့ဝင်အချို့သည် ငန်းချောင်းမြောက်ရွာ တောင်ကုန်းပေါ်ရှိ လူမရှိသည့် အိမ်အလွတ်များကို ဖြိုဖျက်လျက်ရှိသည်။ ည (၆) နာရီအချိန်တွင် န.ခ.ခ (၆) မှ တပ်ဖွဲ့ဝင်များ ပြန်သွားစဉ် တာပေါ်လင် အမည်းဖြင့် လိပ်ပတ်၍ အထုပ်တစ်ထုတ် သယ်ယူသွားသည်ကို အမျိုးသမီးနှစ်ဦးက မြင်တွေ့ခဲ့သော်လည်း ၎င်းတို့က သစ်များ သယ်ယူသွားသည်ဟု ထင်မှတ်နေခဲ့ကြသည်။ အမျိုးသမီးများ မြင်တွေ့ခဲ့သည့် အချိန်တွင် မဆော်မိရာ ပျောက်ဆုံးနေသည်ကို မသိရှိရသေးပေ။

ညပိုင်းတွင် မဆော်မိရာ ပျောက်ဆုံးနေသည့်သတင်း ရွာထဲတွင် ပြန့်နှံ့သွားပြီးနောက် အဆိုပါ အမျိုးသမီးနှစ်ဦးက န.ခ.ခ (၆) မှ တပ်ဖွဲ့ဝင်များ တာပေါ်လင်ဖြင့် လိပ်၍ ယူသွားသည့် အထုတ်တစ်ထုပ်ကို သတိရမိကြသည်။ 

ယနေ့ ဇွန်လ (၁၂) ရက်နေ့ နံနက်တွင် မဆော်မိရာ ကို ငန်းချောင်းမြောက်ရွာ၏ တောင်ဘက် တောင်ကုန်း အနီး ချုံပုတ်ထဲတွင် အသက်သေလျက် တွေ့ရှိခဲ့ပြီး၊ ပါးစပ်နှင့် နှာခေါင်းတွင် သွေးအနည်းငယ် ထွက်နေသည်ကို တွေ့ရှိရသည်။ 

န.ခ.ခ (၆) မှ တပ်ဖွဲ့ဝင်များက မဆော်မိရာ ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး တစ်ညလုံး အုပ်စုလိုက် မုဒိမ်းကျင့် သတ်ဖြတ်ပြီးနောက် အာရုဏ်တက် အချိန်တွင် တောင်ကုန်းအနီး ချုံပုတ်ထဲတွင် လာရောက် ပစ်ချခဲ့ခြင်း ဖြစ်နိုင်သည်ဟု ရွာသားများက သုံးသပ် ပြောဆိုနေကြသည်။ န.ခ.ခ (၆) စခန်းသည် ငန်းချောင်း မြောက်ရွာနှင့် တစ်ဖာလုံခန့်သာ အကွာတွင် ရှိပြီး ကြားတွင် ချောင်းငယ်တစ်ခုသာ ခြားသည်။ 

န.ခ.ခ (၆) မှ တပ်ဖွဲ့ဝင်များသည် အုပ်စုလိုက် ယူနီဖောင်းမပါဘဲ လက်နက်ကိုင်ဆောင်ပြီး ချောင်းကူး၍ ငန်းချောင်းမြောက်ရွာသို့ ဝင်ရောက်၍ လူမရှိသည့် အိမ်များတွင် တစ်နေကုန် ပုန်းနေလေ့ရှိသည်။ ၎င်းတို့သည် ရွာသားများ၏ ဆိတ်များ၊ နွားများကို သတ်ဖြတ်၍ အသားများကို အိတ်များနှင့် ထုတ်ယူပြီး သယ်ဆောင်သွားလေ့ရှိသည်။ အမျိုးသမီးများနှင့် မိန်းကလေးငယ်များကိုလည်း မကြာခဏ နှောက်ယှက်ရန် ကြိုးစားလေ့ရှိသည်ဟု ဒေသခံများက ဆိုကြသည်။ 

ဧပြီလ နောက်ပိုင်းတွင်လည်း န.ခ.ခ (၆) မှ တပ်ဖွဲ့ဝင်နှစ်ဦးသည် ငန်းချောင်းမြောက်ရွာ တောင်ပိုင်းရှိ အိမ်အလွတ်ထဲသို့ နွားမတစ်ကောင် ခေါ်သွင်းသွားသည်ကို ရွာသားများက မြင်တွေ့သွားပြီး သွားကြည့်ရာ နယ်ခြားစောင့်ရဲများက နွားမကို ပြန်လည် လွှတ်ပေးပြီး နှစ်ဦးစလုံး ထွက်ပြေးသွားခဲ့ကြသည်။ 

နွားမကို ပြန်လည် မောင်းယူလာစဉ် နွားမ၏ ကိုယ်ပေါ်တွင် သုတ်များတွေ့ရှိခဲ့သောကြောင့် ၎င်းတို့ တပ်ဖွဲ့ဝင်နှစ်ဦးစလုံးက နွားမကို မုဒိမ်းကျင့်ခဲ့သည်ဟု ရွာသားများက ယူဆနေကြသည်။ 

ဧပြီလတွင်ပင် န.ခ.ခ (၆) မှ တပ်ဖွဲ့ဝင် (၃) ဦးက အမျိုးသမီးတစ်ဦးကို အတင်းအဓမ္မ သားမယားပြုကျင့်ရန် ကြိုးစားနေစဉ် ရွာသားများတွေ့ရှိသွားပြီး ဝိုင်းလိုက်သောကြောင့် ထွက်ပြေးသွားခဲ့ကြသည်။ 

ရေကျော်တံတား ကင်းစခန်းရှိ နယ်ခြားစောင့်ရဲများသည် န.ခ.ခ (၆) မှ တပ်ဖွဲ့ဝင်များကဲ့သို့ သောင်းကျန်း ရိုင်းစိုင်းခဲ့ခြင်း မရှိဟု ဒေသခံများက ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ