ပေါက်တော ရိုဟင်ဂျာဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ ၅ ဦးကို ရခိုင်ရွာသားများက ဖမ်းဆီးရိုက်နှက်ပြီး ရဲစခန်းသို့ အပ်နှံ
မောင်သိန်းထွန်း Rohingya Today
ပေါက်တောမြို့နယ် ဆင်တက်မော် ဒုက္ခသည်စခန်းကို ၂၀၁၂ က ရိုက်ကူးထားသည့်ပုံ (ဓါတ်ပုံ - AP)

ပေါက်တော ။ ။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ငှက်ချောင်းကျေးရွာအုပ်စု၊ ရှာအိပ်သစ် ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ (၅) ဦးကို ရခိုင်ရွာသားများက ဖမ်းဆီးရိုက်နှက်ပြီး ရဲစခန်းသို့ အပ်နှံခဲ့သည်။

ပေါက်တောမြို့နယ်၊ ငှက်ချောင်းကျေးရွာအုပ်စု၊ ရွာအိပ်သစ် ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ (၁၂) ဦးကို ရခိုင်ရွာများမှ ကျွဲ၊ နွားများ ခိုးယူသည်ဟု ပေါက်တောမြို့နယ် ရဲစခန်းက စွပ်စွဲ၍ မေလ (၃၁) ရက်နေ့တွင် ဖမ်းဝရမ်းထုတ်ခဲ့သည်။

ဇွန်လ (၁) ရက်နေ့တွင် ပေါက်တောမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် (၁၂) ဦးသည် ရှာအိပ်သစ် ဒုက္ခသည်စခန်းသို့ ရောက်ရှိလာပြီး ဝရမ်းထုတ်ခံရသူ (၁၂) ဦး၏ နေအိမ်များကို စစ်ဆေးခဲ့သော်လည်း ဝရမ်းထုတ်ခံရသူများကို မတွေ့ရှိခဲ့ပေ။

ဇွန်လ (၂) ရက်နေ့ နံနက်ပိုင်းတွင် ဝရမ်းထုတ်ခံထားရသူ (၁၂) ဦးမှ (၄) ဦးသည် ၎င်းတို့၏ အပေါင်းအပါ နှစ်ဦးနှင့်အတူ စက်တပ်လှေတစ်စီးဖြင့် ချောင်းကူး၍ အခြားရွာတွင် တိမ်းရှောင်နေရန် သွားနေစဉ် ရခိုင်ရွာထဲရှိ ချောင်း၌ လှေမှ ပန်ကာသည် ငါးဖမ်းရန် ချထားသည့် ပိုက်နှင့် ငြိသွားပြီး လှေပေါ်မှ စက်သည် ချောင်းထဲသို့ ပြုတ်ကျကာ လှေနစ်မြှပ်သွားခဲ့သည်။ ထို့နောက် စက်တပ်လှေပေါ်၌ ပါလာသူ (၆) ဦးကို ချောင်းကူး၍ ဒီရေတောထဲသို့ ဝင်ရောက်၍ ပုန်းနေစဉ် ပြင်ခို ရခိုင်ရွာမှ ရွာသားများက မြင်တွေ့သွားပြီး တုတ်၊ ဓါးများ ကိုင်ဆောင်၍ လူအုပ်ဖြင့် ဒီရေတောထဲသို့ ဝင်ရောက်၍ ရှာဖွေခဲ့ရာ နံနက် (၁၁) နာရီခန့်တွင် (၄) ဦးကို ဖမ်းဆီးပြီး လူမဆန်စွာ ရိုက်နှက်ကာ နေ့လည် ၃း၃၀ နာရီအချိန်တွင် ပေါက်တော ရဲစခန်းသို့ အပ်နှံခဲ့သည်။

၎င်းတို့ (၄) ဦးမှာ --

(၁) ဦးဆော်ရိုအာလောမ် (ဘ) ဦးဟာလူ

(၂) ဦးဆော်ဒူလ်အာမီးန် (ဘ) ဦးအာမီးရ်ဟူစိန်း

(၃) ဦးအာနို (ဘ) ဦးဘာန်တိုလ္လာ

(၄) ဦးအာကား (ဘ) ဦးမာမတ်ရှော်ဘီ -- တို့ဖြစ်ကြသည်။

ရခိုင်ရွာသားများသည် နေ့လည် ၃း၃၀ နာရီတွင် ဦးအာဘူလ်ဘောရှော်ရ် (ဘ) ဦးဟာဖ်ဘာန် ဆိုသူကို ထပ်မံဖမ်းဆီးရမိပြီး ရိုက်နှက်ပြီးနောက် ၎င်းတို့၏ ရွာတွင် ချုပ်နှောင်ထားခဲ့သည်။ ည (၉) နာရီတွင် မိသားစုဝင်များနှင့် ဖုန်းဆက်၍ စကားပြောခိုင်းခဲ့သည်။

ဇွန်လ (၃) ရက်နေ့ နံနက်အစောပိုင်းတွင် ဦးအာဘူလ်ဘောရှော်ရ်၏ မိသားစုထံ ရခိုင်ရွာသားတစ်ဦးက ဖုန်းဆက်၍ ငွေကျပ် နှစ်သိန်းဖြင့် ဦးအာဘူဘောရှော်ရ် ၏ အလောင်းကို ရွေးယူပါ ပြောဆိုပြီး ဖုန်းဆက်ခဲ့သည်။  ဖုန်းဆက်ပြီးနောက် မည်သည့်သတင်းမှ မရတော့သောကြောင့် မိသားစုဝင်များက ဦးအာဘူဘောရှော်ရ်ကို သတ်ဖြတ်လိုက်ပြီလားဟု အထူးစိုးရိမ်နေခဲ့ရသည်။

ဦးအာဘူလ်ဘောရှော်ရ် ကို ရခိုင်ရွာသားများက ဇွန်လ (၄) ရက်နေ့ နံနက်ပိုင်းတွင် ပေါက်တောရဲစခန်းသို့ အပ်နှံခဲ့သော်လည်း ရိုက်နှက်ထားသည့် ဒဏ်ရာများ ခန္ဓာကိုယ်အနှံ့တွင် ရှိနေသည်ဟု သိရသည်။ 

ပေါက်တောရဲစခန်းသို့ ရခိုင်ရွာသားများ အပ်နှံလိုက်သူ (၅) ဦးကို ယခုအချိန်ထိ ချုပ်နှောင်ထားသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ