ဘူးသီးတောင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း (၂၁) မှ နယ်ခြားစောင့်ရဲများက ရိုဟင်ဂျာများကို အကြောင်းမဲ့ရိုက်နှက်
ကျော်စိုး Rohingya Today

 

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း၊ လေးမြို့ကျေးရွာအုပ်စု၊ ပျားရည်ရွာ အခြေစိုက် စခန်း အမှတ် (၂) - ဖုံညိုလိပ်စခန်းမှ နယ်ခြားစောင့်ရဲ (၁၈) ဦးသည် ဖုံညိုလိပ်ရွာသားများကို အကြောင်းမဲ့ ရိုက်နှက်ခဲ့သည်။

ဇွန်လ‌ ‌(၇) ရက်နေ့ ည (၈) နာရီခန့်တွင် ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း၊ လေးမြို့ကျေးရွာအုပ်စု၊ ပျားရည်အခြေစိုက် စခန်းအမှတ် (၂၁) - ဖုံညိုလိပ်စခန်းမှ နယ်ခြားစောင့်ရဲ (၁၈) ဦးသည် လက်နက်အပြည့်အစုံ ကိုင်ဆောင်၍ ဖုံညိုလိပ်ချောင်းကို လှေဖြင့် ကူးပြီးနောက် ဖုံညိုလိပ်ကျေးရွာအုပ်စု ရပ်ကွက် (၂) နှင့် (၃) အကြားရှိ လမ်းအတိုင်း ရွာထဲသို့ ဝင်ရောက်လာပြီး လမ်းနှင့် လမ်းဘေးရှိ ဆိုင်ခန်းများတွင် တွေ့ရှိသမျှ ရွာသားများကို တစ်စုံတစ်ရာ မပြောဆိုဘဲ ထိုးကြိတ် ကန်ကျောက်ခဲ့သည်။ 

ထိုစဉ် ကျေးရွာတာဝန်ခံ ဦးမိုဟာမတ်ရော်ဖိတ် ရောက်ရှိလာပြီး နယ်ခြားစောင့်ရဲများကို ရွာသားများကို ထိုးကြိတ်ရခြင်း အကြောင်းကို ယဉ်ကျေးစွာ မေးမြန်းရာ တစ်စုံတစ်ရာ ဖြေကြားခြင်း မရှိဘဲ ၎င်းကိုလည်း ထိုးကြိတ်ခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

နယ်ခြားစောင့်ရဲများက လူကြီးလူငယ်မရွေးဘဲ ရွာသား (၁၄) ဦးကို တစ်နာရီခန့်ကြာသည်အထိ ထိုးကြိတ်ကန်ကျောက်ခဲ့သည်။ ည (၉) နာရီတွင် ၎င်းတို့ ထိုးကြိတ်ထားသူ ရွာသား (၁၄) ဦးကို ရပ်ကွက် (၃) ရှိ ဦးအာယာတူလ္လာ၏ ဆိုင်တွင် စုခိုင်းထားပြီး၊ နယ်ခြားစောင့်ရဲများသည် ရပ်ကွက် (၁) နှင့် (၁၃) ကြားရှိ လမ်းအတိုင်း ထွက်သွားနေစဉ် ရပ်ကွက် (၁၃) ရှိ မော်လဝီ လေဒူး၏ နေအိမ်သို့ ဝင်ရောက်၍ မိသားစုတစ်စုလုံးကို ထိုးကြိတ်ခဲ့သည်။

ထို့နောက် ရပ်ကွက် (၁) ရှိ ဦးရှော်ဘိရ်အာမတ် (ဘ) ဦးရှောမုလုခ်၏ နေအိမ်သို့ ဝင်ရောက်၍ ဦးရှော်ဘိရ်အာမတ်ကို ရိုက်နှက်ခဲ့သည်။ 

နယ်ခြားစောင့်ရဲများသည် ဖုံညိုလိပ်ကျေးရွာအုပ်စု၊ ရပ်ကွက် (၁) မှ သရက်ပြင်ကျေးရွာအုပ်စု၊ ရှားကဲရ်ရွာသို့  သွားရောက်၍ ဦးနူရ်ဟူဆောင်း၏ နေအိမ်ထဲသို့ ဝင်ရောက်ပြီး သားအဖနှစ်ဦးကို ထိုးကြိတ်ခဲ့သည်။ ထိုမှတဆင့် စခန်းသို့ ပြန်သွားခဲ့သည်ဟု ဒေသခံများက ပြောပါသည်။ 

ဖုံညိုလိပ်ကျေးရွာအုပ်စု၊ လမ်းတွင် ထိုးကြိတ်ကန်ကျောက်ခံရသူများမှာ --

(၁) ဦးရော်ရှိဒူလ္လာ (ဘ) ဦးဆွေယောဒ်ဟူဆောင်း (အသက် ၃၃ နှစ်) -- ရပ်ကွက် (၂) မှ

(၂) ဦးအာမိရ်အလီ (ဘ) ဦးဘာဆဲရ် (အသက် ၄၅ နှစ်) -- ရပ်ကွက် (၂) မှ

(၃) ရာမောတ်အုလ္လာ (ဘ) ဦးရှောမ်ရှူ (အသက် ၁၈ နှစ်) -- ရပ်ကွက် (၂) မှ

(၄) ရော်ဖိခ် (ဘ) ဦးဆုလ်တာန် (အသက် ၂၁ နှစ်) -- ရပ်ကွက် (၂) မှ

(၅) အာယာတူလ္လာ (ဘ) ဦးအဒူရော်ဟီးမ် (အသက် ၂၁ နှစ်) -- ရပ်ကွက် (၂) မှ

(၆) မာမတ်ရီယာစ် (ဘ) ဦးရော်ရှိတ် (အသက် ၁၈ နှစ်) -- ရပ်ကွက် (၃) မှ

(၇) ဦးဖူတီယာ (ဘ) ဦးဇော်ကော်ရီယာ (အသက် ၄၂ နှစ်) -- ရပ်ကွက် (၃) မှ ရာအိမ်မှူး

(၈) ဦးအာဘူကာလမ် -- ရပ်ကွက် (၁၃) မှ

(၉) ဦးမိုဟာမတ်ရော်ဖိခ် -- ဖုံညိုလိပ်ကျေးရွာ တာဝန်ခံ အပါအဝင် (၁၄) ဦး။

နေအိမ်များထဲတွင် ထိုးကြိတ်ခံရသူများမှာ --

(၁) ဦးရှော်ဘိရ်အာမတ် (ဘ) ဦးရှော်မုလုခ် (အသက် ၄၀ နှစ်) -- ရပ်ကွက် (၁)၊ ဖုံညိုလိပ် မှ

(၂) မော်လဝီ လေဒူး (ဘ) ဟာဖီးဇ်အာမတ် နှင့် မိသားစု -- ရပ်ကွက် (၁၃)၊ ဖုံညိုလိပ် မှ

(၃) ဦးနူရ်ဟူဆောင်း (အသက် ၅၆ နှစ်) -- ရှာကဲရ်ရွာ၊ သရက်ပြင်ကျေးရွာအုပ်စု မှ

(၄) အာရ်ဖတ် (ဘ) ဦးနူရ်ဟူဆောင်း (အသက် ၁၈ နှစ်) -- ရှာကဲရ်ရွာ၊ သရက်ပြင်ကျေးရွာအုပ်စု -- တို့ဖြစ်ကြသည်။ 

ဇွန်လ (၈) ရက်နေ့ နံနက်ပိုင်းတွင် ဖုံညိုလိပ်ကျေးရွာတာဝန်ခံ ဦးမိုဟာမတ်ရော်ဖိခ် သည် ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးထံ သွားရောက်၍ အကြောင်းစုံ ရှင်းပြပြီး တိုင်တန်းခဲ့သည်။ ညနေပိုင်းတွင် ဖုံညိုလိပ်ကျေးရွာအုပ်ချုပ်ရေးမှူး မောင်သန်းလှိုင် က ရပ်ကွက် (၂) နှင့် (၃) သို့ သွားရောက်၍ ထိုးကြိတ်ခံရသူများကို တွေ့ဆုံမေးမြန်းကာ ဓါတ်ပုံများ ရိုက်ယူပြီးနောက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ အစီရင်ခံခဲ့သည်။ ၎င်းက ထိုးကြိတ်ခံရသူများကို သက်ဆိုင်ရာသို့ တိုင်တန်းရန် တိုက်တွန်းခဲ့သည်။ 

စခန်း (၂၁) တွင် ယခင်က တာဝန်ကျခဲ့ဖူးသည့် တပ်ဖွဲ့ဝင်များသည် ယခုကဲ့သို့ သောင်းကျန်းသူများပမာ သောင်းကျန်းခဲ့ခြင်း မရှိခဲ့ဟု ဒေသခံများက ဆိုကြသည်။ 

ယခုနှစ် ဧပြီလ (၁၂) ရက်နေ့တွင် စံဂိုးတောင်ကျေးရွာအုပ်စုရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းကို နယ်ခြားစောင့်ရဲများ ကိုယ်တိုင် မီးရှိူ့ပြီး ထွက်ခွာသွားစဉ် လေးမြို့ကျေးရွာအုပ်စု၊ ပျားရည်ရွာ အခြေစိုက် စခန်း (၂၁) - ဖုံညိုလိပ်စခန်းမှ နယ်ခြားစောင့်ရဲများလည်း စခန်းကို စွန့်ခွာပြီး၊ စံဂိုးတောင်မှ နယ်ခြားစောင့်ရဲများနှင့် ပူးပေါင်း၍ တပ်မတော် တပ်ရင်း (၅၅၁) သို့ ဝင်ရောက်သွားခဲ့သောကြောင့် စခန်းတွင် တပ်ဖွဲ့ဝင်များ မရှိဘဲ လစ်လပ်နေခဲ့သည်။ မေလ (၁၉) ရက်နေ့ ညပိုင်းတွင် စခန်း (၂၁) မှ အဆောင်များ မီးလောင်ခံရပြီးနောက်ပိုင်းတွင် နယ်ခြားစောင့်ရဲများသည် တပ်ရင်း (၅၅၁) မှ စစ်သားများနှင့် အတူ စခန်း (၂၁) သို့ ပြန်လည် ရောက်ရှိလာခြင်း ဖြစ်သည်။ 

 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ