ဘူးသီးတောင် ဂူတာပြင်သို့ မြို့နယ်အုပ်ချုပ်ရေးမှူး ပါဝင်သော အဖွဲ့တစ်ဖွဲ့ လာရောက်၍ အိမ်မီးရှို့ခံရသည့် မိသားစုများမှ ထွက်ဆိုချက်များယူ
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာအုပ်စုသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ပါဝင်သော အဖွဲ့တစ်ဖွဲ့ လာရောက်၍ အိမ်မီးရှို့ခံရသည့် မိသားစုများမှ ထွက်ဆိုချက်များ ကောက်ယူခဲ့သည်။

ယနေ့ နိုဝင်ဘာလ (၁၀) ရက်နေ့ နံနက် ၈း၃၀ နာရီအချိန်တွင် ဂူတာပြင်ကျေးရွာအုပ်စုသို့ မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် မြို့နယ်အထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၄ ဦး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂ ဦး၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ၂ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ စုစုပေါင်း ၁၁ ဦးပါဝင်သည့် အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာခဲ့သည်။

မြို့နယ်အုပ်ချုပ်ရေးမှူးက အိမ်မီးရှို့ခံရသည့် မိသားစုများအတွက် အလျားပေ ၄၀၊ အနံပေ ၄၀ ရှိသည့် ခြံအတွင်း အိမ်များဆောက်လုပ်ပေးမည် ဖြစ်ပြီး၊ အဆိုပါနေအိမ်များတွင်သာ နေထိုင်ရမည်ဖြစ်ကြောင်း၊ တစ်စုံတစ်ရာ ဆွေးနွေးလိုလျှင် ဆွေးနွေးနိုင်သည်ဟု ပြောဆိုရာ ဥက္ကဌဟောင်း ဦးမိုဟာမတ်အာယုဘ် က “အခုလို ကျွန်တော်တို့အတွက် စဉ်းစားဆောင်ရွက်ပေးနေတဲ့ လူကြီးမင်းတွေကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့ ဒီကလူတွေက ကိုယ့်ရဲ့ မူလနေရာတွေမှာပဲ နေချင်ကြတာဖြစ်တဲ့အတွက် ကျွန်တော်တို့ကို မူလနေရာမှာပဲ နေခွင့်ပြုပါလို့ တောင်းဆိုချင်ပါတယ်” ဟု တောင်းဆိုခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာနမှ တစ်ဦးက “မြန်မာနိုင်ငံမှာနေရင် မြန်မာနိုင်ငံရဲ့ ဥပဒေကို လိုက်နာရမယ်၊ ကျွန်တော်တို့ ဒါတွေကို အထက်လူကြီးတွေကို တင်ပြမယ်၊ လူကြီးတွေက မူလနေရာမှာ ချပေးမလား၊ အခြားနေရာမှာ ချပေးမလား၊ ချပေးတဲ့အတိုင်း လိုက်နာဆောင်ရွက်ရမယ်၊ လက်ခံပေးရမယ်” ဟု ပြောဆိုပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးအဖွဲ့မှ တစ်ဦးက “အိမ်တွေကို ဝါးနံရံ၊ သစ်သားတိုင်တွေနဲ့ ဆောက်ပြီး ကြားက နံရံနဲ့ အခန်းနှစ်ခန်း ကန့်ပေးမယ်” ဟု ပြောဆိုခဲ့သည်။

ထို့အပြင် အဖွဲ့မှ နှစ်ဦးစီဖြင့် အုပ်စု ၄ စုဖွဲ့၍ အိမ်မီးရှို့ခံရသည့် မိသားစု ၈၉ စုခန့်မှ တစ်စုလျှင် တစ်ဦးစီခေါ်၍ ထွက်ဆိုချက် ခေါင်းစဉ်ဖြင့် စာရွက်တစ်ရွက်ပေါ်တွင် အမည်၊ အဘအမည်၊ ဇနီးအမည်၊ မွေးရပ်၊ ယခုနေထိုင်ရာဒေသ၊ မိသားစုဦးရေ၊ လက်ရှိအလုပ်အကိုင်၊ ယခု ပြန်ဆောက်ထားသည့် တဲအိမ်၏ အလျားနှင့် အနံ အကျယ်အဝန်း စသည့်အချက်များ မေးမြန်း ဖြည့်စွက်ပြီး၊ အောက်တွင် “အစိုးရမှ အိမ်များဆောက်ပေးမည့် နေရာတွင် နေထိုင်မည်လား” ဟူသည့် မေးခွန်းမေးမြန်းထားရာ ရွာသားများက “ကျွန်တော်တို့ရဲ့ မူလနေရာမှာ နေချင်ပါတယ်” ဟု ရေးသား ဖြေဆိုခဲ့သည်။

သို့သော်လည်း ထွက်ဆိုချက်ယူသည့်အဖွဲ့က “အစိုးရမှ စီစဉ်ဆောက်လုပ်ပေးသည့် အတိုင်းသာ လက်ခံသွားပါမည်” ဟု ထပ်မံရေးသား၍ လက်မှတ်များ ရေးထိုးစေခဲ့ပြီး နေ့လည် ၃ နာရီအချိန်တွင် ပြန်လည် ထွက်ခွာသွားသည်။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ