ဘူးသီးတောင် ဖန်ဇင်းချောင်းတံတား၏ နှစ်ဖက်အစွန်းရှိ ကင်းစခန်းများမှ ရဲများက အီးဒ်နေ့တွင် လည်ပတ်သူများထံမှ ငွေညှစ်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မေယုမြစ်ပေါ်တွင် ဆောက်လုပ်ထားသည့် ဖန်ဇင်းချောင်းတံတားရှိ နှစ်ဖက်အစွန်းရှိ ကင်းစခန်းများမှ ရဲများက အီးဒ်နေ့တွင် လည်ပတ်သည့် ရိုဟင်ဂျာများထံမှ ငွေညှစ်ခဲ့သည်။

ဇွန်လ (၅) ရက်နေ့တွင် ကျရောက်သည့် ဝါကျွတ်ပွဲတော် အီးဒ်နေ့တွင် ဘူးသီးတောင်မြို့နယ် မေယုမြစ်ကို ဖြတ်၍ ဆောက်လုပ်ထားသည့် ဖန်ဇင်းတံတား အရှေ့ဘက်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းနှင့် အနောက်ဘက်ရှိ ရဲတပ်ဖွဲ့ ကင်းစခန်းတို့မှ ရဲတပ်ဖွဲ့ဝင်များ တံတားကျော်လွန်၍ သွားလာသည့် ရိုဟင်ဂျာများထံမှ ငွေညှစ်ခဲ့သည်။ 

ကားတစ်စီးလျှင် ငွေကျပ် ၅၀၀၀/- မှ ၁၀၀၀၀/-၊ CNG တစ်စီးလျှင် ငွေကျပ် ၃၀၀၀/- မှ ၅၀၀၀/-၊ ဆိုင်ကယ်တစ်စီးလျှင် ငွေကျပ် ၁၀၀၀/- မှ ၂၀၀၀/-၊ စက်ဘီး သို့မဟုတ် ခြေလျင်သွားသူများထံမှ ငွေကျပ် ၅၀၀ မှ ၁၀၀၀ ထိ ညှစ်ယူခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောသည်။ 

ရိုဟင်ဂျာများကိုသာ ပစ်မှတ်ထား၍ ငွေညှစ်ခဲ့ခြင်းဖြစ်ပြီး၊ အခြား မည်သည့်လူမျိုးကိုမှ ညှစ်ယူခဲ့ခြင်း မရှိခဲ့ဟု ဒေသခံများက ဆိုကြသည်။ 

တံတား၏ အနောက်ဘက်ရှိ ရဲတပ်ဖွဲ့ဝင်များက အတင်းအကျပ် ညှစ်ယူပြီး၊ ငွေပေးရန် ငြင်းဆန်သူများကို တံတားကို ဖြတ်သန်းသွားခွင့် မပေးဘဲ ပြန်သွားခိုင်းသည့်အပြင်၊ အချို့ကို ရိုက်နှက်ကန်ကျောက်ခြင်းများ ပြုလုပ်ခဲ့သည်။ 

ဇွန်လ (၆) ရက်နေ့ နေ့လည်ပိုင်းတွင်လည်း စက်ဘီးကိုယ်စီဖြင့် စီးသွားနေသည့် ရိုဟင်ဂျာ ကလေး (၃) ဦးထံမှ ငွေကျပ် ၃၀၀၀/- တောင်းခံရာ ကလေးများက ပေးရန် ငွေမရှိဟု ပြောဆိုသဖြင့် နယ်ခြားစောင့်ရဲများက ကလေးများကို ပါးရိုက်ပြီးနောက် ပြန်ခိုင်းခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောသည်။ ထိုကဲ့သို့ အခြားသူများကိုလည်း ရိုက်နှက်ခဲ့သည်ဟု ၎င်းက ဆိုသည်။ 

ယခင်က ပစ္စည်းသယ်ယူလာသူများထံမှသာ ပုံမှန်ငွေညှစ်ခဲ့ပြီး၊ သာမာန်ဖြတ်သန်းသွားသူများဆိုလျှင် ရွာထွက်လက်မှတ် မပြနိုင်သူများထံမှသာ ငွေညှစ်ခဲ့သည်။ 

အီးဒ်နေ့မှစ၍ ပစ္စည်းမပါသည့် သာမာန်လူများထံမှ ငွေညှစ်သည့်အပြင် အီးဒ်နေ့လည်ပတ်သည့် ကလေးငယ်များထံမှပင် ငွေညှစ်လျက်ရှိသည်။ အီးဒ်နေ့လည်ပတ်သည့် ကလေးများသည် ၎င်းတို့၏ မိဘ၊ ဆွေမျိုးသားချင်းများထံမှ ရသည့် မုန့်ဖိုးငွေများကို နယ်ခြားစောင့်ရဲများနှင့် ရဲတပ်ဖွဲ့ဝင်များကို ပေးခဲ့ရသည်။ ကလေးငယ်များ၏ မုန့်ဖိုးများကိုပင် လုယက်ယူနေသည့် လူစိတ်ကင်းမဲ့သည့် နယ်ခြားစောင့်ရဲများနှင့် ရဲတပ်ဖွဲ့ဝင်များကို အထက်အာဏာပိုင်များက အရေးယူပါရန် တောင်းဆိုသည်ဟု ဒေသခံများက ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ