မင်းပြားမြို့နယ်၌ မြန်မာစစ်တပ်နှင့် AA တို့၏ တိုက်ပွဲတွင် ရိုဟင်ဂျာ ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ
ခင်မောင်နိုင် Rohingya Today

မင်းပြား ။ ။ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ ရွှေတမာ (ရခိုင်) ရွာတွင် မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ရိုဟင်ဂျာ (၂) ဦး သေဆုံးပြီး (၈) ဦးဒဏ်ရာရရှိခဲ့သည်။

ဇွန်လ (၁) ရက်နေ့က မင်းပြားမြို့နယ်၊ ရွှေတမာကျေးရွာအုပ်စု လက်မရွာသို့ မြန်မာစစ်တပ်မှ စစ်ကြောင်း ဝင်ရောက်လာခဲ့ပြီး စစ်သားများက ၎င်းတို့ကို ထမင်းကျွေးရန် တောင်းဆိုသောကြောင့် ရိုဟင်ဂျာရွာသားများက ထမင်းကျွေးခဲ့ရသည်။ ထိုသို့ ထမင်းကျွေးခဲ့ရသည်ကို AA မှ သိရှိသွားပြီး၊ AA တပ်ဖွဲ့ဝင်များသည် စစ်သားများ ထွက်သွားသည်နှင့် လက်မကျေးရွာသို့ ဝင်ရောက်လာပြီး လမ်းတွင်တွေ့သမျှ ရွာသား ၁၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ 

AA များဝင်ရောက်၍ ရွာသားများ ဖမ်းဆီးသွားသည့် သတင်းကို ဇွန်လ (၂) ရက်နေ့တွင် မြန်မာစစ်တပ်က ကြားသိသွားပြီး၊ AA တပ်ဖွဲ့ဝင်များကို ရှာဖွေရန် ရွှေတမာ (ရခိုင်) ကျေးရွာသို့ ဝင်ရောက်၍ စစ်ဆေးစဉ် နေ့လည် ၃ နာရီခန့်တွင် အပြန်အလှန် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ 

ရွှေတမာ (ရခိုင်) ရွာသည် လက်မကျေးရွာနှင့် အောင်တိုင်ကျေးရွာ အကြားတွင် တည်ရှိသဖြင့် လက်မကျေးရွာနှင့် အောင်တိုင်ကျေးရွာများသို့ ကျည်ဆံများကျရောက်၍ ရိုဟင်ဂျာအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး၊ ကလေးနှစ်ဦး အပါအဝင် (၈) ဦး ကျည်ဆံထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ 

လက်မကျေးရွာမှ (၂) ဦးသေဆုံး၍ (၃) ဦး ဒဏ်ရာရရှိခဲ့ပြီး၊ အောက်တိုင်ကျေးရွာ (၂) ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် မြောက်ဦးမြို့နယ် ရှမ်းတောင်ကျေးရွာမှ သားအမိနှစ်ဦးနှင့် ခေါင်းတုတ်ကျေးရွာမှ ရွာသားတစ်ဦးတို့သည် စပါးထားကျေးရွာအုပ်စု အောင်တိုင်ရွာသို့ ဈေးဝယ်ရန် ရောက်ရှိနေစဉ် ကျည်ဆံထိမှန်ခဲ့သည်။ 

မြောက်ဦးအခြေစိုက် တပ်ရင်း ၅၄၀ နှင့် ၅၇၀ တို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ မြောင်းဘွေ တိုက်နက်ဆေးရုံသို့လည်း ကျည်ဆံကျရောက်၍ ပျက်စီးမှု အနည်းငယ်ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။ 

မြန်မာစစ်တပ်နှင့် AA တို့၏ တိုက်ပွဲတွင် ရခိုင်ရွာသားများလည်း သေဆုံး၊ ဒဏ်ရာရခြင်းများရှိသည်။ AA မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ရိုဟင်ဂျာ (၁၂) ဦးကို ပြန်လည် လွှတ်ပေးခြင်း ရှိ/မရှိ ကို အတိအကျ မသိရှိရသေးပေ။


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ