ဘူးသီးတောင် လျှပ်စစ်ဌာနမှ ဝန်ထမ်းများက မီတာဘောက်စ် တပ်ဆင်ပေးမည်ဟု ဆိုကာ လျှောက်ထားသူများထံမှ ငွေသိန်းချီယူ၍ လိမ်လည်
ကျော်စိုး Rohingya Today

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ လျှပ်စစ်ဌာနမှ မြို့နယ် ဦးစီးမှူး၊ အင်ဂျင်နီယာနှင့် စာရေးကြီးတို့က မြို့နယ်အတွင်း မီတာဘောက်စ်များ ဖြန့်ဝေရာတွင် ဒေသခံရိုဟင်ဂျာများထံမှ ငွေကြေး အမြောက်အမြား မတရားသဖြင့် ကောက်ခံပြီးနောက် မီတာဘောက်စ် တပ်ဆင်မပေးဘဲ လိမ်လည်လျက်ရှိသည်။

ဘူးသီးတောင်မြို့နယ်အတွင်းမှ ရိုဟင်ဂျာများသည် လွန်ခဲ့သည့် တစ်နှစ်ခန့်က မီတာဘောက်စ်များအတွက် လျှောက်ထားခဲ့သော်လည်း ဗုဒ္ဓဘာသာဝင်များကိုသာ ပထမဦးစားပေးအဖြစ် တပ်ဆင်ပေးပြီး၊ ရိုဟင်ဂျာများကို ဒုတိယဦးစားပေးအနေဖြင့် တပ်ဆင်ပေးလျက်ရှိသော်လည်း ဌာနဆိုင်ရာ ဝန်ထမ်းများက မတရားသဖြင့် ငွေကြေး ကောက်ခံပြီးနောက် မီတာဘောက်စ်များ တပ်ဆင်မပေးဘဲ လိမ်လည်နေကြောင်း ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

မီတာဘောက်စ်ခ အပြင် ငွေကြေး အမြောက်အမြား ကောက်ခံလျက်ရှိပြီး၊ မီးရထားဆိပ်ရပ်ကွက်မှ အိမ်ခြေ ၄၀ အတွက် ငွေကျပ် သိန်း (၇၀)၊ အမှတ် (၁) အနောက်ရပ်ကွက်ရှိ အိမ်ခြေ (၁၀၀) ကျော်မှ တစ်အိမ်လျှင် ငွေကျပ် (၃) သိန်းစီ၊ အမှတ် (၄) သပြေကုန်းရပ်ကွက်ရှိ အိမ်ခြေ (၅၀) ကျော်မှ တစ်အိမ်လျှင် ငွေကျပ် (၂) သိန်းစီ၊ အမှတ် (၅) တောင်ရပ်ကွက်မှ တစ်အိမ်လျှင် ငွေကျပ် (၂) သိန်းစီ၊ အမှတ် (၂) မြို့မရပ်ကွက်မှ တစ်အိမ်လျှင် ငွေကျပ် တစ်သိန်းစီ၊ အမှတ် (၃) မြို့သစ်ရပ်ကွက်မှ တစ်အိမ်လျှင် ငွေကျပ်တစ်သိန်းစီ၊ ကကျက်ဘက်ကံပြင် ကျေးရွာအုပ်စုတွင် နယ်မီတာတစ်လုံးလျှင် ငွေကျပ် (၄) သိန်းခွဲ နှုန်းဖြင့် ကောက်ခံခဲ့သည်ဟု ဒေသခံများက ဆိုကြသည်။ 

ဒေသခံများက မတတ်သာ၍ မြောက်မြားစွာ ငွေများကို ပေး၍ ယူနေရသော်လည်း မီတာဘောက်စ်ခ အပြင် မတရားသဖြင့် ပေးနေရသည့် ငွေများကို ပြန်လိုချင်နေကြသည်။ မတရားသဖြင့် ငွေများ ပေးထားရပြီး မီတာဘောက်စ် တပ်ဆင်မပေးဘဲ လှည့်စားနေသည်များလည်း ရှိနေသည်ဟု ဒေသခံများက ပြောပါသည်။ 

ရိုဟင်ဂျာသီးသန့် ရပ်ကွက်ဖြစ်သည့် အမှတ် (၁) အနောက်ရပ်ကွက်တွင် အိမ်ခြေ (၁၀၀) ကျော်မှ မီတာဘောက်စ် လျှောက်ထားခဲ့သော်လည်း တစ်အိမ်မှ ငွေကျပ် (၄) သိန်း ယူကာ တစ်ရပ်ကွက်လုံးတွင် မီတာတစ်လုံးသာ တပ်ဆင်ပေးပြီး၊ ကျန်နေအိမ်များမှ ပေးထားသည့် ငွေများကို ပြောင်းရွှေ့သွားသည့် လျှပ်စစ်မီးတာဝန်ခံက ယူဆောင်သွားကြောင့် ယခုလိုချင်ပါက ငွေကျပ် (၄) သိန်းစီ ထပ်မံပေးရမည်ဟု လျှပ်စစ်ဌာနမှ ဝန်ထမ်းများက ပြောဆိုလျက်ရှိသည်။ 

“ကျွန်တော်တို့ ငွေတွေ ဒီလောက်အများကြီး ပေးပြီးမှ အရင် မီးမှူးက ငွေတွေ ယူသွားလို့ အခုလိုချင်ရင် ငွေ ၄ သိန်းစီ ထပ်ပေးရမယ်ဆိုပြီး တောင်းနေတယ်၊ တော်တော်လေး အကျင့်ပျက်ချစားနေတာပါ။ ကျွန်တော်တို့ ဒေသခံတွေကတော့ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကနေ အခုလို အကျင့်ပျက်ချစားနေတဲ့ ဝန်ထမ်းတွေကို စုံစမ်းစစ်ဆေးပြီး ထိရောက်စွာ အရေးယူပေးဖို့ တောင်းဆိုပါတယ်” ဟု ဘူးသီးတောင်မြို့ခံ တစ်ဦးက ပြောပါသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ