ပေါက်တော အနောက်ရွဲတွင် ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာလူငယ်နှစ်ဦး သေဆုံး
ခင်မောင်နိုင် Rohingya Today

ပေါက်တော ။ ။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် အနောက်ရွဲကျေးရွာမှ ခွင့်ပြုချက်ဖြင့် ငါးဖမ်းထွက်သည့် ရိုဟင်ဂျာလူငယ်များကို ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ်မှုကြောင့် နှစ်ဦးသေဆုံးခဲ့သည်။

မေလ (၁၉) ရက်နေ့တွင် ပေါက်တောမြို့နယ် အနောက်ရွဲကျေးရွာမှ ဒေသခံရိုဟင်ဂျာ လူငယ် (၆) ဦးသည် အနောက်ရွဲ ရဲစခန်းမှ ခွင့်ပြုချက်ရယူပြီးနောက် စက်လှေတစ်စီးဖြင့် စစ်တွေမြစ်တွင် ငါးဖမ်းထွက်နေစဉ် ငါးဖမ်းပိုက်အချို့ ပြတ်ကျသွားခဲ့သည်။ 

စက်လှေဖြင့် ငါးဖမ်းနေသည့် ရိုဟင်ဂျာ (၆) ဦးသည် အနောက်ရွဲ ရဲစခန်းသို့ ငါးဖမ်းပိုက် ပြတ်သွားသည်နှင့် ပတ်သက်၍ သတင်းပို့ပြီးနောက် ပြတ်ကျသွားသည့် ပိုက်များကို ရှာဖွေနေစဉ် ည ၁၁း၃၀ နာရီခန့်အချိန်၌ ပေါက်တောမြို့မှ နှစ်မိုင်ခန့်အကွာတွင် စစ်တွေဘက်မှ ရဲတပ်ဖွဲ့ဝင်များသည် speed boat တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်။ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် စက်လှေပေါ်ရှိ ရိုဟင်ဂျာနှစ်ဦး ကျည်ဆံထိမှန်ပြီး သေဆုံးသွားခဲ့သည်ဟု ဒေသခံများက Rohingya Today သို့ပြောပါသည်။ 

Two Rohingya youths shot dead by Sittwe Police

ထို့နောက် စက်လှေနှင့်အတူ အသက်ရှင်ကျန်ရစ်နေသူ (၄) ဦးကို စစ်တွေ ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ရုပ်အလောင်းနှစ်လောင်းကို စစ်တွေ ဆေးရုံသို့ ပို့ဆောင်၍ ခွဲစိတ်စစ်ဆေး စေခဲ့သည်။ 

မေလ (၂၀) ရက်နေ့ ညနေပိုင်းတွင် အလောင်းများကို ပေါက်တောမြို့နယ် အနောက်ရွဲကျေးရွာရှိ မိသားစုဝင်များထံ ပို့ဆောင်ပေးပြီး အသက်ရှင်ကျန်ရစ်နေသူ (၄) ဦးကို ပေါက်တောရဲစခန်းသို့ ပို့ဆောင်၍ ယင်းတွင် ချုပ်နှောင်ထားသည်။ 

မေလ (၂၁) ရက်နေ့တွင် ပေါက်တောမြို့နယ် တရားရုံးသို့တင်၍ ရမန်ရယူကာ ၎င်းတို့ကို ဆက်လက်ချုပ်နှောင်ထားပြီး လာမည့် (၂၈) ရက်နေ့တွင် ထပ်မံ၍ တရားရုံးတင်ရန် ရက်ချိန်းပေးထားသည်ဟု ဒေသခံများက ပြောပါသည်။ 

ကျည်ဆံထိမှန်၍ သေဆုံးသူနှစ်ဦးမှာ -- (၁) မိုဟာမတ် (ဘ) ဦးအဒူရော်ရှိတ် (အသက် ၁၄ နှစ်) နှင့် (၂) ဟူဆောင်းအာမတ် (ဘ) ဦးနူရ်အာမတ် (အသက် ၁၇ နှစ်) တို့ဖြစ်ကြသည်။ 

အသက်ရှင်ကျန်ရစ်ပြီး ဖမ်းဆီးချုပ်နှောင်ခံထားရသူ (၄) ဦးမှာ -- (၁) ဆောဒ္ဒါရ် (ဘ) ဦးကော်ရီမူဒ္ဒိန် (အသက် ၁၅ နှစ်)၊ (၂) ဟူဆောင်းန် (ဘ) ဦးဆော်ယဒ်ဟူဆောင်းန် (အသက် ၂၂ နှစ်)၊ (၃) ဟာလာ (ဘ) ဦးကာဆမ်း (အသက် ၂၅ နှစ်) နှင့် ရှော်ဖီအာလောမ် (ဘ) ဦးကာဆိမ်း (အသက် ၂၀ နှစ်) တို့ဖြစ်ကြသည်။ 


Related Posts

နောက်ဆုံးရ သတင်း/ဆောင်းပါးများ